စင်ကာပူ စီးပွားရေးကုမ္ပဏီများ မြန်မာပြည်တွင် အခွင့်အလမ်းရှာ
နေသွင်
·
February 15, 2012
မြန်မာပြည်မှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့ ရည်ရွယ်ချက်နဲ့ စင်ကာပူ စီးပွားရေးကုမ္ပဏီ ၇၀ ကျော်က ကိုယ်စားလှယ်တွေ ၁၀၀ ကျော် ပါဝင်တဲ့ အဖွဲ့ဟာ အစိုးရ ရုံးစိုက်တဲ့ နေပြည်တော် ကို ရောက်နေပါတယ်။
ခရီးသွားဝန်ဆောင်မှု ကုမ္ပဏီ၊ ငွေကြေးစီမံခန့်ခွဲမှုလုပ်ငန်း၊ ကုန်သွယ်ရေး၊ စက်မှုလုပ်ငန်း၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ထုတ်လုပ်မယ့် စွမ်းအင်ကုမ္ပဏီတွေက ကိုယ်စားလှယ်တွေဟာ ဒီကနေ့ သမ္မတဦးသိန်းစိန်၊ ဝန်ကြီးဌာနတွေက အရာရှိတွေနဲ့ သီးခြား တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
မနက်ပိုင်းမှာ သမ္မတနဲ့တွေ့အပြီး နေ့လယ်ပိုင်းမှာ နေပြည်တော် ကွန်ဗင်းရှင်းစင်တာမှာ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက စင်ကာပူကုမ္ပဏီတွေကို မြန်မာပြည်က စီးပွားရေး အခွင့်အလမ်းတွေကို ရှင်းပြတယ်လို့ ဒီတွေ့ဆုံပွဲကို စီစဉ်ပေးခဲ့တဲ့ မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)က အတွင်းရေးမှူး ဒေါက်တာမျိုးသက်က ပြောပါတယ်။
“အခုဖြစ်နိုင်တဲ့ဟာတွေပေါ့၊ ကျနော်တို့လည်း ဒီမှာတင်ပြတယ်။ ကုန်သွယ်မှုနဲ့ ပတ်သက်တာ၊ ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်တာ၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့က ဘယ်လို၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ကတော့ စွမ်းအင်ဌာနကပေါ့။ နောက်တခါ စက်မှုလုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ဟာကျတော့ ထားဝယ်ရေနက်ဆိပ်ကမ်းမှာ လုပ်မယ့် စီမံကိန်းတွေ ကဏ္ဍအလိုက်တော့ ကျယ်ကျယ်ပြန့်ပြန့် ပြောသွားတာပေါ့။ တနေကုန်ပဲ။”
မြန်မာပြည်မှာ ရင်းနှီးမြှပ်နှံမှုအားလုံးရဲ့ ၇၀ ရာခိုင်နှုန်းကျော်ကို တရုတ်နဲ့ ထိုင်းကုမ္ပဏီတွေက ရင်းနှီးမြှုပ်နှံထားကြပြီး စင်ကာပူက အမေရိကန်ဒေါ်လာ ၁ ဒဿမ ၇ ဘီလီယံနဲ့ စတုတ္ထအများဆုံး ရင်းနှီးမြှုပ်နှံထားတာ ဖြစ်ပါတယ်။
အာရှကုမ္ပဏီတွေဟာ အဓိကအားဖြင့် လျှပ်စစ်စွမ်းအား၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့၊ သတ္တုတူးဖော်ရေးကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံထားကြတာပါ။
ဒေါက်တာမျိုးသက်က အခု နောက်ပိုင်း စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေ လုပ်လိုက်တဲ့ကာလမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်မယ့် စီးပွားရေးလုပ်ငန်းတွေကို ဝင်လာစေချင်တယ်လို့ ပြောပါတယ်။
“အဓိက ဦးစားပေးကတော့ အလုပ်အကိုင်နဲ့ စက်မှုဇုန်တွေ တည်ထောင်အောင်လုပ်ဖို့ ကျနော်တို့က ဖိတ်ခေါ်တာပေါ့နော်။ ကျနော်တို့ဆီမှာ လူ့စွမ်းအား အရင်းအမြစ်က အများကြီး ရှိတယ်လေ။ စက်မှုလုပ်ငန်းကို အခြေခံတဲ့ ရင်းနှီးမြှုပ်နှံမှုတွေလည်း မျှပြီးဝင်လာဖို့ ကျနော်တို့ကတော့ ဖိတ်ခေါ်တာပေါ့။ သူတို့လာတဲ့ သက်ဆိုင်ရာ မြှုပ်နှံမှုပေါ် မူတည်တာပေါ့။”
ပြီးခဲ့တဲ့ ရက်ပိုင်းက မြန်မာပြည်ကို စီးပွားရေးအကြံပေးဖို့ လာရောက်ခဲ့တဲ့ စီပွားရေးပညာရှင် ဂျိုးဇက်စတစ်ကလည်း ကဏ္ဍစုံလုပ်ကိုင်မယ့် စင်ကာပူ ကုမ္ပဏီစိတ်ဝင်စားလာတာ မြန်မာပြည်အတွက် သတင်းကောင်းဖြစ်တယ်လို့ ပြောပါတယ်။
စင်ကာပူက စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ အဖွဲ့ဟာ နောက်ထပ် သုံးရက် မြန်မာပြည်က စက်ရုံအလုပ်ရုံတွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ စက်မှုဇုန်တွေကို လေ့လာဖို့ ရှိတယ်လို့ သိရပါတယ်။