ဆယ်ကျော်သက်တဦး၏နဖူးပေါ် “ကျနော်သူခိုးပါ” တက်တူးထိုးခဲ့သူ ၂ ဦး ဖမ်းဆီးခံရ (ရုပ်သံ)

ဆယ်ကျော်သက်လူငယ်တဦးကို မသန်စွမ်းလူတဦးဆီက စက်ဘီးခိုးတယ်လို့ စွပ်စွဲပြီး နဖူးပေါ် “ကျနော်သူခိုးပါ” တက်တူး ထိုးပေးလိုက်တဲ့ အမျိုးသား ၂ ဦးကို နှိပ်စက်ညှဉ်းပန်းမှုနဲ့ ဖမ်းဆီးလိုက်ပါတယ်။ ဘရာဇီးလ်နိုင်ငံမှာ တက်တူးထိုးသမား မေကွန်ဝက်စ်လေနဲ့ သူ့ရဲ့သူငယ်ချင်းဖြစ်သူ ရိုနီလ်ဒိုမိုရီရာတို့ ၂ ဦးက အသက် ၁၇ နှစ်အရွယ် ကောင်လေးရဲ့ နဖူးပေါ်မှာ ပေါ်တူဂီဘာသာစကားနဲ့ “ကျနော်သူခိုးပါ၊ ကျနော်အရှုံးသမားပါ” ဆိုတဲ့ တက်တူးထိုးအပြီး ကင်မရာနဲ့ရိုက်ကူးကာ တက်တူးကို ကြိုက်သလားလို့လည်း ကောင်လေးကို မေးခဲ့တာပါ။ ဆယ်ကျော်သက်လူငယ်လေးကတော့ အမျိုးသား ၂ ဦး သူ့ရဲ့အရေပြားပေါ်မှာ အမြဲမြင်ရမယ့်တက်တူးထိုးပြီး ရုပ်သံမှတ်တမ်းတင်နေတာကို ကြောက်ရွံ့ထိတ်လန့်နေတာ ရုပ်သံထဲမှာ မြင်ရပါတယ်။ ဆယ်ကျော်သက်က ဒီလိုညှဉ်းပန်းနှိပ်စက်ခံရပြီးနောက် ထွက်ပြေးသွားကာ တပတ်လောက်ကြာမှ သူ့မိသားစုဝင်တွေက ပြန်တွေ့ခဲ့တယ်လို့ သိရပါတယ်။ စက်ဘီးမခိုးဘူးလို့ ဆယ်ကျော်သက်က ငြင်းလိုက်ပြီး သူ့မျက်နှာကိုပြဖို့ ကြောက်လန့်နေတယ်၊ အိမ်ကနေလည်း ဘယ်မှ မထွက်ဘူးလို့ ဆိုပါတယ်။ တက်တူးထိုးပေးခဲ့တဲ့ အသက် ၂၇ နှစ်နဲ့ ၂၉ နှစ်အရွယ် အမျိုးသား ၂ ဦးကိုတော့ ဖမ်းဆီးလိုက်ပြီး နှိပ်စက်ညှဉ်းပန်းမှုနဲ့ တရားရင်ဆိုင်နေရတယ်လို့ မေရာသတင်းမှာ ဖော်ပြထားပါတယ်။ ဆယ်ကျော်သက်ကတော့ ဘယ်တုန်းကမှ သူ ခိုးမှုမကျူးလွန်ခဲ့ဘူးလို့ ရဲကို ပြောလိုက်ပြီး ဆေးကုသဖို့ ဆေးရုံပို့ဆောင်လိုက်တယ်၊ လက်ရှိတော့ သူ့ရဲ့အဖွားအိမ်မှာ နေနေပါတယ်လို့ ဆိုပါတယ်။ စိတ်ပိုင်းဆိုင်ရာ ကုသမှုဌာနမှာ ထိခိုက်ဒဏ်ရာတွေအတွက် ဆေးကုသနေပါတယ်။ ဆယ်ကျော်သက်ရဲ့ ငယ်သူငယ်ချင်းတဦးက လူငယ်လေးရဲ့နဖူးပေါ်က တက်တူးကို ဖယ်ရှားဖို့ အင်တာနက်စာမျက်နှာတခု တည်ထောင်ကာ ရန်ပုံငွေရှာနေတယ်လို့ သိရပြီး ကောင်လေးကတော့ သူ့ကို “တက်တူးအသိုင်းအဝိုင်း” က အသက်အန္တရာယ်ပါ ခြိမ်းခြောက်လိုက်သေးတယ်လို့ ပြောကြောင်း မေရာရဲ့သတင်းတပုဒ်မှာ ရေးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up