Live
Home
ရုပျသံ
၆၆(ဃ) က သတင်းမီဒီယာလွတ်လပ်ခွင့်အပေါ် ဘယ်လိုထိခိုက်နေလဲ - အယ်ဒီတာစကားဝိုင်း
DVB
·
June 15, 2017
ဒီတပတ်ဆွေးနွေးမယ့် အကြောင်းအရာကတော့ ပြီးခဲ့တဲ့ရက်ပိုင်းက The Voice ရဲ့ အယ်ဒီတာချုပ်နဲ့ သတင်းထောက် ၂ ယောက်ကို ၆၆(ဃ) နဲ့ အမှုစွဲခဲ့ပါတယ်။ ဒါဟာ မြန်မာပြည်မှာ ၆၈ မှုမြောက် ဖြစ်လာခဲ့ပါပြီ။ အဲဒါနဲ့ပတ်သက်လို့ မြန်မာပြည်မှာ သတင်းမီဒီယာ လွတ်လပ်ခွင့်နဲ့ ၆၆(ဃ) လို့ခေါ်တဲ့ ဆက်သွယ်ရေးဥပဒေတခုဟာ သတင်းသမားတွေရဲ့ လွတ်လပ်စွာ သတင်းရယူခွင့်၊ တင်ပြခွင့်တွေအပေါ်မှာ ဘယ်လိုထိခိုက်နေလဲဆိုတာ ဆွေးနွေးမှာ ဖြစ်ပါတယ်။ ဒီတပတ် ဆွေးနွေးမယ့်သူတွေကတော့ Myanmar Now က အယ်ဒီတာချုပ် ကိုဆွေဝင်းနဲ့ The Myanmar Quarterly မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးဂျာနယ်က အယ်ဒီတာ ကိုနေထွန်းနိုင်တို့ ဖြစ်ပါတယ်။ ဦးတိုးဇော်လတ် (ဒီဗွီဘီ) “ဆက်သွယ်ရေးဥပဒေနဲ့ သတင်းသမားတွေကို စွဲထားတာလည်း ၉ မှုလောက် ဖြစ်လာပြီ။ အခုနောက်ဆုံးဆိုရင် သတင်းသမားတွေက သတင်းလွတ်လပ်ခွင့် ကမ်ပိန်းတွေလည်း လုပ်နေကြတယ်ပေါ့။ အဲဒီတော့ မြန်မာပြည်ရဲ့ သတင်းလွတ်လပ်ခွင့်ရယ်၊ ၆၆(ဃ) ဆက်သွယ်ရေးဥပဒေက သတင်းသမားတွေကို ဘယ်လိုမျိုး သက်ရောက်မှုရှိလဲဆိုတာ စဆွေးနွေးပေးပါခင်ဗျ။” ကိုဆွေဝင်း (အယ်ဒီတာချုပ်၊ Myanmar Now) “The Voice က ကိုကျော်မင်းဆွေ၊ နောက်ပြီးတော့ ဆောင်းပါးရေးတဲ့ ဗြိတိသျှကိုကိုမောင်တို့ ဒီဆောင်းပါးကို ပြည်သူလူထုတွေကလည်း အကုန်ဖတ်သင့်တယ်လို့ ကျေန်ာမြင်တယ်။ နောက်ပြီးတော့ ကျနော်တို့ သတင်းမီဒီယာတွေ အားလုံးကလည်း သေချာဖတ်သင့်တယ်။ ဘာကြောင့်ဖတ်သင့်သလဲဆိုတော့ ဘာကြောင့် တပ်မတော်က စွဲရတာလဲ၊ တပ်မတော်က စွဲရမှာ ဘာအကြောင်းတရားရှိလဲ၊ ကျနော်တို့ ဒါတွေကို လေ့လာသင့်တယ်။ ကျနော်လည်း ပုံမှန်အားဖြင့်ဆိုရင် ဒီလို သရော်စာတွေ ဖတ်လေ့ဖတ်ထ မရှိဘူး။ ဒီအမှုဖြစ်လာတော့ ကျနော်ဖတ်တယ်။ ဖတ်လည်းဖတ်ရော ဒါ အင်မတန်ကောင်းမွန်တဲ့ သရော်စာ၊ မှန်ကန်တဲ့ သရော်စာ၊ အကြောင်းအကျိုးညီညွတ်တဲ့ သရော်စာလို့ ကျနော်တွေ့ရှိရတယ်။ နောက်ပြီးတော့ မည်သူ့ကိုမှ ပုတ်ခတ်ထားတာ မရှိဘူး။ အာဃာတ ရန်ငြိုးထားပြီးတော့ တခုခု ပြောဆိုထားတာ မရှိဘူး။ ကုန်းတိုက်ထားတာ မရှိဘူး။ ဒါမျိုးတွေ တွေ့ရတယ်။ ကောင်းမွန်တဲ့ စာနယ်ဇင်းလောကက အကြောင်းအရာတခု ဖြစ်တယ်။ ဒီအပေါ်နဲ့ပတ်သက်ပြီးတော့ တပ်မတော်က လုံးဝကို သည်းမခံဘဲနဲ့ တရားစွဲလိုက်တယ်။ တရားစွဲတဲ့အခါမှာ လူတွေအကုန်လုံးက ၆၆(ဃ) ကို ပြေးမြင်ကြတယ်။ ၆၆(ဃ) နဲ့ စွဲတာကိုး။ ကျနော့်အနေနဲ့တော့ ဒါဟာ သတင်းစာလွတ်လပ်ခွင့်ကို ခြိမ်းခြောက်တာပဲလို့ မြင်တယ်။ ၆၆(ဃ) ကို ဒုတိယပိုင်း ကျနော် ခဏထားလိုက်တာပေါ့နော်။ သတင်းစာလွတ်လပ်ခွင့်ကို ခြိမ်းခြောက်ထားတယ်လို့ ကျနော် မြင်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီသတင်းဟာ ပုံနှိပ်နဲ့ အရင်သွားတဲ့ဟာ။ ကျနော့်အနေနဲ့ ဒါကို အင်တာနက်ပေါ်တင်တယ်။ တင်တဲ့အခါကလည်း ဒါ ဂျာနယ်က တင်တာပေါ့ဗျာ။ တင်ကြတဲ့အခါမှာ သမားရိုးကျပုံစံဆိုရင် ကိုယ် မကျေနပ်တာတခုကို ပုံနှိပ်နဲ့ မကျေနပ်ရင်၊ ပုံနှိပ်ကို တရားစွဲရမယ်။ ဒါမျိုးတွေ ရှိတာပေါ့။ ဒီလိုမသွားဘဲ ၆၆(ဃ) ကို အသုံးချပြီး စွဲတယ်ဆိုတာက ၆၆(ဃ) မှာပါတဲ့ ချက်ချင်း ထောင်အကျဉ်းချပစ်လိုက်လို့ရတယ်။ တရားစီရင်ရေးမတိုင်ခင်မှာ ရဲကနေပြီးတော့ပေါ့။ ဒီအချက်ပေါ်မူတည်ပြီးတော့ Pre Trial Punishment လို့ပဲ ပြောရမှာပေါ့နော်။ တရားစီရင်ရေးမတိုင်မီ ကြိုတင်ကနဦး အပြစ်ဒဏ်ပေးတယ်ဆိုတဲ့ အချက်ကို သုံးပြီးတော့ လက်နက်တခုလို တိုက်ခိုက်နေတယ်ဆိုတာ ကျနော် တွေ့ရှိရတယ်။ ကျနော်တို့အနေနဲ့ သတင်းသမားတယောက်အနေနဲ့ ပြောရမယ်ဆိုရင် ဒါဟာ နံပါတ်တစ် ကိုကျော်မင်းဆွေ အမှုမှာဆိုရင် ဒါဟာ တိတိကျကျပြောရရင် သတင်းစာလွတ်လပ်ခွင့်ကို ချိုးဖောက်မှုပဲ။ ဘာကြောင့်လဲဆိုတော့ အခုလိုမျိုး ဘာမှ ဘယ်သူ့ကိုမှ အမည်နာမတပ်ပြီးတော့ မစွပ်စွဲတဲ့ကိစ္စတခုတောင်မှ သူတို့ သက်ဆိုင်ရာ အာဏာပိုင် အင်အားရှိတဲ့သူတွေက အရေးယူလာတယ်။ ကျနော်တို့ သတင်းမီဒီယာတွေက တိုင်းပြည်မှာ ဘယ်လိုဝေဖန်မလဲ၊ ထောက်ပြမလဲ။ စတုတ္တမဏ္ဍိုင်သာ ပြောတယ်။ တကယ့်တကယ်ကျတော့ စတုတ္ထမဏ္ဍိုင်ကို အသိအမှတ်ပြုမှုက အုပ်ချုပ်ရေးမဏ္ဍိုင်ကလည်း အသိအမှတ်ပြုမှု အားနည်းတယ်။ တရားဥပဒေပြုရေးမဏ္ဍိုင်ကလည်း အသိအမှတ်ပြုမှု အားနည်းတယ်။ ဒါကြောင့်မို့လို့ မီဒီယာလွတ်လပ်ခွင့်ဟာ ခြိမ်းခြောက်ခံနေရပြီလို့ ကနဦးအနေနဲ့ ကျနော် ပြောချင်တယ်။ နောက်တခုကတော့ ကိုယ်မကျေနပ်ရင် တခြားသော ပုဒ်မတွေနဲ့ တရားစွဲလို့ရတာကို ၆၆(ဃ) ကို သုံးစွဲတာတော့ ဒါဟာ မူမမှန်တဲ့ လုပ်ရပ်တခုလို့ ပြောလို့ရတယ်။ ၆၆(ဃ) နဲ့ သတင်းစာလွတ်လပ်ခွင့်ဟာ ဆက်စပ်နေတယ်ဆိုတာလည်း သိရတယ်။ ဘာကြောင့်လဲဆိုတော့ အခြား အခြားသော တိုင်းပြည်တွေမှာ သတင်းစာလွတ်လပ်ခွင့်ကို အကန့်အသတ်မရှိ မပေးထားဘူး။ ရေးချင်ရာ ရေးလို့ရမယ်၊ စွပ်စွဲချင်တာ စွပ်စွဲလို့ရမယ်၊ ဘယ်တိုင်းပြည်မှ မပေးထားဘူး။ ဘယ်အလူ့အဖွဲ့အစည်းမှ မရှိဘူး။ အားလုံးဟာ အကန့်အသတ်ရှိတယ်။ မှန်ကန်ရမယ်၊ တိကျရမယ်၊ အကြောင်းအကျိုးညီညွတ်ရမယ် ဒါမျိုးတွေ ရှိပြီးသားပဲ။ အကယ်၍ မတော်မတရား ရေးလာခဲ့ရင် သူ့မှာ စွဲရမယ့် ဥပဒေ ပုဒ်မတွေ ရှိပြီးသား တခြားတိုင်းပြည်တွေမှာ ဘယ်လိုစွဲကြသလဲ။ ဒါတွေအားလုံးဟာ တရားရုံးကို ဦးတိုက်လျှောက်ပြီးတော့မှ တရားစွဲကြရမယ်။ ပေးတဲ့ပြစ်ဒဏ်ကလည်း ဒါဟာ ရာဇဝတ်မှု Criminal Punishment မဟုတ်ဘဲနဲ့ Civil Punishment တခါတည်း ငွေကြေးအားဖြင့်သော်လည်းကောင်း၊ ပေးရတဲ့ ပြစ်ဒဏ်ဆိုတာ ရှိတယ်။ ဒီတိုင်းပြည်မှာ ရာဇဝတ်မှုတခုလို သတ်မှတ်ပြီး အပြစ်ပေးနေတာ တွေ့ရပါတယ်။” ဦးတိုးဇော်လတ် (ဒီဗွီဘီ) “ကိုဆွေဝင်းကတော့ ဒီအမှုမှာ ၆၆(ဃ) ဆက်သွယ်ရေးပုဒ်မနဲ့ စွဲတယ်။ ဒါက သတင်းမီဒီယာလွတ်လပ်ခွင့်ကိုပါ ခြိမ်းခြောက်လာတဲ့အတွက် မြန်မာပြည်မှာ Satire သရော်စာတောင် ရေးခွင့်မရှိတော့ဘူးလားလို့ ဆိုတဲ့ဘက်ကို ကျော်လာတယ်ပေါ့နော်။ အဲဒီတော့ ကိုနေထွန်းနိုင်လည်း ဒီဟာနဲ့ပတ်သက်လို့ပေါ့နော်။ ဒီအမှုတွေက ၆၈ မှုလောက် ဖြစ်လာပြီ။ အရင်အစိုးရလက်ထက်က ၇ မှုလောက်ပဲ သုံးပြီးတော့ အခုလက်ရှိ ပြည်သူ့အစိုးရလက်ထက်မှာတော့ ၆၁ မှု ပိုများလာတာလည်း တွေ့ရတာပေါ့ခင်ဗျာ။ ဒီဟာကို ကိုဆွေဝင်း ပြောသလို တပ်မတော်ကလည်း သုံးတယ်၊ အစိုးရလည်း သုံးတယ်။ အဲဒါနဲ့ပတ်သက်လို့ မီဒီယာသတင်းသမားတွေအနေနဲ့ မီဒီယာလွတ်လပ်ခွင့် ဘယ်လိုမျိုး ရှိလာပြီလဲဆိုတာ သုံးသပ်ပေးပါဦး။” ကိုနေထွန်းနိုင် (အယ်ဒီတာ၊ The Myanmar Quarterly မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးဂျာနယ်) “ကျနော်ကတော့ ပေါင်းပြီးပြောရမယ်ဆိုရင်တော့ သတင်းလွတ်လပ်ခွင့် Freedom of Expression လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်ကိုပါ ထိပါးလာတယ်လို့ ကျနော် ယူဆပါတယ်။ ဘာလို့လဲဆိုတာ့ အခု ၆၆(ဃ) နဲ့ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေကို ကြည့်မယ်ဆိုရင် သတင်းသမားတွေတင် မဟုတ်ဘူး။ သာမန် ပြည်သူပြည်သားတွေ၊ အရပ်သားတွေပါ ထိခိုက်နေတဲ့ အနေအထားမျိုး ရှိတယ်ပေါ့နော်။ ဆိုတဲ့အခါကျတော့ ဟုတ်တယ်၊ ဦးသိန်းစိန် လက်ထက်မှာ ဒါကို အစားသုံးခဲ့တယ်။ ဒါပေမယ့် တပ်မတော်က စသုံးခဲ့တာ။ စသုံးခဲ့တဲ့အချိန်တုန်းက ၇ မှုပဲ ရှိတယ်။ ၅ မှုကို ထောင်ဒဏ်ချတယ်။ အမြင့်ဆုံးပြစ်ဒဏ်က ၆ လပဲချတာ။ ဒီဘက်အစိုးရလက်ထက်မှာကျတော့ တနှစ်ကျော်ကျော်ပဲ ရှိသေးတယ်။ ၆၁ မှု ဖြစ်လာပြီ။ အဲဒီအထဲမှာ ၁၁ မှုက အမိန့်ချပြီးသွားပြီ။ ဒီကြားထဲမှာ အာမခံပေးနိုင်၊ မပေးနိုင်တွေကလည်း ရှိသေးတာပေါ့။ အဲဒီတော့ တရားစွဲတဲ့ အဖွဲ့အစည်းတွေကို ကျနော် မပြောချင်တော့ဘူး။ ကျနော် ပြောချင်တာက ဥပဒေရဲ့ အားနည်းချက်ပေါ့။ တစ်အချက် ဒီဥပဒေမှာ နည်းဥပဒေ မရှိသေးဘူး။ နှစ်အချက်ကတော့ ဒီဥပဒေဟာ ရဲအရေးပိုင်ခွင့် ပေးထားတယ်။ ချက်ချင်းဖမ်းဆီးပိုင်ခွင့်ရှိတယ်။ ပြဿနာတခုက ထပ်ပြီးတော့ ဘာဖြစ်လဲဆိုတော့ ဥပဒေရဲ့ ပုဒ်မ ၈၀(ခ) မှာ ပြဋ္ဌာန်းထားတယ်။ ဒီဥပဒေနဲ့ အရေးယူမယ်ဆိုရင် ဝန်ကြီးဌာနရဲ့ ကြိုတင်ခွင့်ပြုချက်ယူရမယ် ပြောတယ်။ ဒါပေမယ့် ဥပမာ ပြောပြတာပေါ့နော်။ ကိုကျော်မင်းဆွေကို အရေးယူတဲ့အခါမှာ ရဲက အမှုကို အရင်မတည်ဆောက်ဘဲနဲ့ ဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်လည်း မရသေးဘဲနဲ့ ချက်ချင်း ဖမ်းဆီးထားတာမျိုး ဖြစ်နေတယ်။ ဥပဒေရဲ့ ယိုပေါက်က အဲဒီလိုမျိုး ဖြစ်နေတယ်။ အဲဒီလို ယိုပေါက်တွေ၊ ဥပဒေတွေကို မပြင်ဆင်နိုင်ရင်တော့ ပိုဆိုးလာဖို့ပဲ ရှိတယ်။” အပြည့်အစုံကို ရုပ်သံဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024