Home
မြန်မာသတင်း
အပေါင်အစ္စည်းမပါ ကျပ်သိန်း ၁၀၀၀ အထိငွေချေးရန် စီဘီဘဏ် ဆောင်ရွက်နေ
ပိုင်စိုး
·
June 14, 2017
အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေကို အပေါင်ပစ္စည်းမပါပဲ ကျပ်ငွေ သိန်း ၁၀၀၀ အထိ ချေးနိုင်ဖို့ စီစဉ်နေတယ်လို့ စီဘီဘဏ်ရဲ့ SME ဌာနအကြီးအကဲ စောဒီနိုကူးက ပြောပါတယ်။ ဒီအတွက် ဂျာမနီအခြေစိုက် KFW ဘဏ်နဲ့ ပူးပေါင်းလုပ်ဆောင်သွားမှာ ဖြစ်ပြီး လာမယ့် သြဂုတ်လမှာ စတင်မှာ ဖြစ်ပါတယ်။ “အတိုးနှုန်းက ၈.၅ ရာခိုင်နှုန်းကနေ ၁၃ ရာခိုင်နှုန်းအထိဖြစ်ပါမယ်။ အပေါင်ပစ္စည်းပါရင်တော့ အတိုးနှုန်း လျော့မယ်။ အပေါင်ပစ္စည်း မပါပဲချေးဖို့အတွက်ကတော့ သူတို့ရဲ့ ငွေကြေးခိုင်မာမှုကို ကြည့်မယ်။ အရမ်းကောင်းတဲ့လုပ်ငန်းတွေဆိုရင်တော့ အပေါင်ပစ္စည်း မပါပဲ ချေးသွားချင်တယ်။ KFW က ပေးတဲ့ငွေကို အပေါင်ပစ္စည်း မပါဘဲ ချေးတဲ့ဘက်ကို လုပ်သွားချင်တယ်”လို့ စောဒီနိုကူး က ဒီဗွီဘီကို ပြောပါတယ်။ ဒီချေးငွေဟာ ၁ နှစ်ကနေ ၅ နှစ်အထိ ချေးယူထားလို့ ရမှာဖြစ်ပါတယ်။ ကုန်ထုတ်လုပ်တဲ့ လုပ်ငန်းတွေကို ပိုပြီး ဦးစားပေးမှာဖြစ်ပြီး ငွေကြေးစီးဆင်းလည်ပတ်မှုကောင်းတာ၊ ရေရှည် တိုးတက်မှု ရှိနေတာနဲ့ ငွေကြေးစီမံခန့်ခွဲမှုကောင်းတာတွေကို ကြည့်မယ်လို့လည်း သူက ဆိုပါတယ်။ မြန်မာနိုင်ငံက အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေဟာ ငွေရေးကြေးရေးအပြင် နည်းပညာနဲ့ ဈေးကွက်တို့ကြောင့်လည်း အခက်အခဲတွေ အများကြီး ကြုံနေရတယ်လို့ လုပ်ငန်း လုပ်ကိုင်သူ တွေက ဆိုပါတယ်။ အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေအနေနဲ့ ပုံမှန်ဆိုရင် ချေးငွေ စလျှောက်တာကနေ ထုတ်ခွင့်ရတဲ့ အထိ ၆ လကနေ ၇ လလောက်အထိ ကြာမြင့်တာ ဖြစ်ပါတယ်။ ဒါပေမယ့် အခုချေးငွေကိုတော့ လိုအပ်တဲ့ စာရွက်စာတမ်းတွေ ပြည့်စုံတဲ့အချိန်ကစပြီး နှစ်ပတ်ကနေ သုံးပတ်လောက်နဲ့ ရအောင် လုပ်မယ်လို့ စောဒီနိုကူးက ပြောပါတယ်။ နောက်ထပ်လည်း စီဘီဘဏ်မှာ အပေါင်ပစ္စည်းမပါပဲ ငွေချေးနိုင်တဲ့ ပုံစံတစ်ခုက မြန်မာ့ အာမခံလုပ်ငန်းမှာ ပရီမီယံကြေး ၃ရာခိုင်နှုန်းပေးထားရပြီး သိန်း ၂၀၀ အထိကို အတိုးနှုန်း ၁၃ ရာခိုင်နှုန်းနဲ့ တနှစ်ချေးငွေ ဖြစ်ပါတယ်။ KFW ဘဏ်နဲ့ပူးပေါင်းလုပ်ဆောင်မယ့် SME ချေးငွေကို စီဘီဘဏ်ရဲ့ ဘဏ်ခွဲတွေမှာလည်း ချေးယူလို့ရမယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024