လားရှိုးရှိဟိုတယ်တခုကို ဆက်ကြေးမပေးလျှင် မိုင်းခွဲမည်ဟု ခြိမ်းခြောက်
DVB
·
June 14, 2017
ရှမ်းပြည်နယ်၊ လားရှိုးမြို့၊ ရက်ကွက် ၁၀ ရှိ ပုဂ္ဂလိကပိုင် ဟိုတယ်တလုံးကို လက်နက်ကိုင်တစ်ဖွဲ့က ဆက်ကြေးတောင်းတာကို လာရောက်မပေးတဲ့အတွက် မိုင်းဗုံးလာခွဲမယ်လို့ ဒီနေ့ မနက် ၉ နာရီခွဲလောက်က ဖုန်းနဲ့ဆက်ကာ ခြိမ်းခြောက်ခဲ့တယ်လို့ ရဲစခန်းက သိရပါတယ်။
တာဝန်ရှိ ရဲမှူးတဦးက “အစ်ကိုတို့က သူတို့ သတင်းပေးလာလို့ လာတယ်။ သိတာကလည်း သူတို့ ပြောတဲ့အတိုင်းပဲ။ လုံခြုံရေး အခြေအနေ ဘယ်လိုရှိလဲ ဆိုတာကိုတော့ ပြောခွင့်မရှိဘူး" လို့ ပြောပါတယ်။
ဟိုတယ်ဝန်ထမ်း တဦးက “မနေ့ကလည်း ဖုန်းဆက်တယ်။ မင်းတို့ သူဌေးနဲ့ ဖုန်းပြောချင်တယ်။ ပိုက်ဆံတောင်းထားတာ အရင်လကတည်းကတဲ့။ ခုထိ မပေးသေးဘူး။ အဲဒါကို ပွင့်ပွင့်လင်းလင်း သိချင်တာတဲ့။ ပေးမလား၊ မပေးဘူးလားပေါ့။ ဒီနေ့ ပြန်ဆက်တော့ သူဌေးမရှိဘူးလို့ ပြောလိုက်တယ်။ သူဌေးနဲ့ အဆက်အသွယ်လုပ်လို့ မရဘူး။ ပြောလို့ မရဘူးလို့ ကျနော် ပြောလိုက်တယ်။ ၃ ရက် အချိန်ပေးမယ်တဲ့။ မပေးဘူးဆိုရင် မိုင်းဗုံးလာခွဲမယ်လို့ သူက ခြိမ်းခြောက်ထားတယ်။ သူတို့ ဆက်တာ ၂ ခါရှိတယ်။ အရင်လလည်း ဆက်တယ်။ မပေးလို့ အခု ပြန်ဆက်တာ။” လို့ ပြောပါတယ်။
ဆက်ကြေးပေးပို့ရမယ့် ပိုက်ဆံမှာ သိန်း ၂၀၊ ၃၀ ဝန်းကျင်လောက်ရှိပြီး သတင်းပေးရတာကြောင့် သက်ဆိုင်ရာဌာန တာဝန်ရှိသူများက ဟိုတယ်ကို သွားရောက် စစ်ဆေးခဲ့ပါတယ်။
သတင်း - နိုင်နိုင်