Home
မြန်မာသတင်း
ကျေးလက်ဒေသမီးလင်းရေးအတွက် ဂျာမနီဘဏ်က ယူရို ၁၄ သန်း ကူညီ
အောင်ကိုကိုလတ် (နေပြည်တော်)
·
June 14, 2017
မြန်မာနိုင်ငံမှာ ကျေးလက်ဒေသမီးလင်းရေးအတွက် ချေးငွေနဲ့ ထောက်ပံ့ကြေး ယူရို ၁၄ သန်း ကူညီပေးဖို့  ဂျာမနီ ဖွံ့ဖြိုးတိုးတက်ရေးဘဏ် (KfW)က  ဒီကနေ့  နေပြည်တော်မှာ သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ပါတယ်။ ကျေးလက်ဒေသမီးလင်းရေး စီမံကိန်းနဲ့ ဒီဇယ်စက်ခေါင်းစက်ရုံ(ရွာထောင်) စီမံကိန်းတို့အတွက် ထောက်ပံ့ကြေးနဲ့ ချေးငွေ သဘောတူ စာချုပ်ကို KfW ဘဏ်နဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့က တာဝန်ရှိသူတွေ လက်မှတ်ရေးထိုးခဲ့ကြတာပါ။ ဒီဇယ်စက်ခေါင်းစက်ရုံ (ရွာထောင်)စီမံကိန်းအတွက် ချေးငွေ ယူရို ၅ သန်း ရရှိကာ စက်ခေါင်းစက်ရုံ ပြုပြင်မှုတွေ၊ ရပ်ဆိုင်းထားရတဲ့ စက်ခေါင်တွေ အထူးမွမ်းမံပြင်ဆင်မှုတွေ၊ ရှိပြီးသား ဘီးခုတ်စက် ပြုပြင်ရန်နဲ့ ဘီးခုတ်စက်သစ်တခု ထပ်မံတည်ဆောက်ဖို့နဲ့ ရထားစက်မှု သင်တန်းကျောင်းတွေ အဆင့်မြှင်တဲ့နေရာတွေမှာ အသုံးပြုသွားမယ်လို့ သိရပါတယ်။ ဒီဇယ်စက်ခေါင်းစက်ရုံ (ရွာထောင်) စက်ရုံမှူး ဦးမင်အောင်က“ကျနော်တို့ဆီမှာ သုံးနေတဲ့ ဒီဇယ်စက်ခေါင်းတွေက နှစ် ၄၀ လောက်ရှိနေပြီ။ ဒါတွေက လည်း ဂျာမနီနိုင်ငံထုတ်တွေလေ။ နည်းပညာတွေကလည်း ဂျာမန် နည်းပညာတွေပဲလေ။ ပြီးတော့ သင်တန်းကျောင်းလည်း ဂျာမန်က နည်းပညာတွေ အကူအညီတွေနဲ့ ဆောက်ထားတာ။ အဲဒီသံယောဇဉ်တွေနဲ့ အဆက်အသွယ် ပြန်ဆက်သွယ်ကြည့်တာ၊ ကြိုးစားကြည့်တာ အခုလို ဖြစ်လာတာ” လို့ ပြောပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း ကျေးလက်ဒေသ မီးလင်းရေး စီမံကိန်းအတွက် KfW က ယူရို ၉ သန်း ထောက်ပံ့ကြေးပေးအပ်ခဲ့ပြီး စီးမံကိန်းကာလဟာ ၂၀၁၇ ခုနှစ်ကနေ ၂၀၂၀ အခုအထိ ဖြစ်ပါတယ်။ “ကျေးရွာပေါင်း ၂၅၀ လောက်လုပ်ဖြစ်မယ်လို့ မျှော်မှန်းထားပါတယ်။ National Plan အတိုင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”လို့ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က ပြောပါတယ်။ ကျေးလက် မီးလင်းရေးစီးမံကိန်းကို National Electrification Plan (NEP) စီမံကိန်းအရ မဟာဓာတ်အားလိုင်းပြင်ပစနစ်ကို အသုံးပြုပြီး တအိမ်သုံး ဆိုလာစနစ်နဲ့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024