Home
မြန်မာသတင်း
သွေးလွန်တုပ်ကွေး ဖြစ်ပွားမှု လျော့ကျရေးအတွက် ရပ်ကွက်များအတွင်း ကွင်းဆင်းစစ်ဆေး
Aung Ko Latt
·
June 14, 2017
မိုးရာသီအတွင်း အသက်အရွယ်မရွေး ဖြစ်ပွားနိုင်တဲ့ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု လျော့ကျစေရေးအတွက် တိုင်းကျန်းမာရေးဦးစီးဌာနက ဦးဆောင်ကာ ခြင်ဆေးဖျန်းတာ၊ အဘိတ်ဆေးခပ်တာ၊ အသိပညာပေးနေပါတယ်။ ခြင်ကြောင့်ဖြစ်တတ်တဲ့ ရောဂါတွေ မဖြစ်ပွားစေရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်၊ မှုတ် စတာတွေအပြင် အချက် ၁၁ ချက်ကို ပြည်သူတွေ သိရှိနားလည်ပြီး လိုက်နာဆောင်ရွက်စေနိုင်ဖို့ ကျန်းမာရေးဝန်ထမ်းတွေက လက်တွေ့သရုပ်ပြ လုပ်ဆောင်တာတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီဆောင်ရွက်နေတဲ့ အနေအထားကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းကိုယ်တိုင် လိုက်လံကြည့်ရှုပြီး လိုအပ်တာတွေကို ညွှန်ကြားခဲ့ပါတယ်။ ကျန်းမာရေးဌာနက ဒီစီမံချက်ကို တတိုင်းလုံး အတိုင်းအတာအနေနဲ့ မေလကတည်းက စတင်ကာ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ အခုလို ကြိုတင်ဆောင်ရွက်နိုင်ခဲ့တာကြောင့် ဒီနှစ်အတွင်း သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုက သိသိသာသာ လျော့နည်းခဲ့ပြီး တတိုင်းလုံးရှိ ၃၇ မြို့နယ်မှာ သွေးလွန်တုပ်ကွေး ဖြစ်ပွားမှု ၈၂ ခု ဖြစ်ခဲ့ပြီ ၂ ဦးသာ သေဆုံးမှု ဖြစ်ပေါ်သေးတယ်လို့ ကျန်းမာရေးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။ ၂၀၁၅ ခုနှစ်ကတော့ သွေးလွန်တုပ်ကွေး ဖြစ်ပွားမှု ၆၄၄၆ ယောက်ထိ ဖြစ်ပွားခဲ့ပြီး ၁၉ ဦးထိ သေဆုံးမှု ဖြစ်ပေါ်ခဲ့ပါတယ်။ "သွေးလွန်တုပ်ကွေးမဖြစ်အောင် ကာကွယ်ဖို့က ကျန်းမာရေးဌာနတခုတည်းနဲ့ အဆင်မပြေဘူးဗျ။ အခုဆို NGO တွေ၊ လူမှုရေးအသင်းအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ရတာတွေ ရှိတယ်။ အဓိကကတော့ ပြည်သူတွေ ပူးပေါင်းပါဝင်ကြဖို့ လိုတယ်။ ကျန်းမာရေးဌာနက လာတဲ့အချိန်ပဲ လုပ်ပေးနိုင်မှာ။ ပြည်သူတွေက ကိုယ့်အိမ်မှာ ခြင်မပေါက်ပွားအောင် နေ့စဉ်နဲ့အမျှ ဖုံး၊ သွန်၊ လဲ၊ စစ် ဆိုတာတွေကို နေတိုင်း လုပ်ရမှာ။ ဒါမှသာ သွေးလွန်တုပ်ကွေးဖြစ်ပွားမှုကို ကာကွယ်နိုင်မှာ ဖြစ်တယ်”လို့ တိုင်းကျန်းမာရေးဦးစီးဌာနက တာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။ မုံရွာမြို့နယ်အတွင်း ကျေးရွာအုပ်စု ၁၇၀ ကျော်ကို အဘိတ်ဆေးခပ်တာတွေ ပြုလုပ်ပေးခဲ့ပြီး မြို့ပေါ်မှာတော့ ၁၀ ရပ်ကွက်ကို ဆောင်ရွက်ပေးပြီးဖြစ်ပါတယ်။ ၇ ရပ်ကွက်ကတော့ ဆောင်ရွက်ဆဲဖြစ်ပြီး ဒီနေ့စတင်တဲ့ ကန်သာဦးရပ်ကွက်အပါအဝင် ၆ ရပ်ကွက်ကတော့ လုပ်ဆောင်ဖို့ ကျန်ရှိနေပါသေးတယ်။ ဒီနှစ်မှာ ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှု၊ ကျန်းမာရေး အသိပညာနည်းပါးမှု စတာတွေကြောင့် ခြင်၊ ယင်တွေ အရင်နှစ်ကထက် ပိုမိုပေါများနေတာကို တွေ့ရပါတယ်။ လက်ရှိမှာတော့ မုံရွာမြို့နယ်မှာ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုက ၆ ခုသာ ရှိသေးပြီး သေဆုံးမှု မရှိသေးပါဘူး။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024