၁၉ ထပ်တိုက်မှ ခုန်ချသတ်သေခဲ့သည့် မြန်မာအိမ်အကူမိန်းကလေးအမှု စင်ကာပူရဲ စုံစမ်းနေ
DVB
·
June 13, 2017
စင်ကာပူနိုင်ငံမှ ၁၉ ထပ်အမြင့်ရှိတဲ့ တိုက်ခန်းတခုကနေ ခုန်ချသတ်သေခဲ့တဲ့ မြန်မာ အိမ်အကူမိန်းကလေးတဦးရဲ့ အမှုကို စင်ကာပူရဲတွေက စုံစမ်းရှာဖွေနေကြပါတယ်။
အဲဒီမိန်းကလေးဟာ အသက် ၂၅ နှစ်အရွယ်ရှိပြီး အင်တာလေ့စ်ကွန်ဒိုမှာ အိမ်အကူ အဖြစ်လုပ်ကိုင်နေသူတဦး ဖြစ်တယ်လို့ စင်ကာပူအခြေစိုက် သည်စထရိတ် တိုင်းမ်သတင်းမှာ ဖော်ပြပါတယ်။
ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက် ညနေပိုင်းမှာ ဖြစ်ခဲ့တာဖြစ်ပြီး သူ ခုန်မချမီနဲ့ ခုန်ချအပြီး ရုပ်သံဗွီဒီယိုဖိုင်တွေဟာ ဖေ့စ်ဘွတ်ခ်အင်တာနက် လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့နေခဲ့တာပါ။
ပျံ့နှံ့နေတဲ့ ရုပ်သံဗွီဒီယိုဖိုင် ၂ ခုထဲမှ တခုမှာတော့ အမျိုးသမီးတဦးက အဆိုပါ မိန်းကလေးကို အိမ်တွင်းရေး အခြေအနေကို မေးမြန်းခဲ့တာကို တွေ့ရပြီး ခုန်မချဖို့ ဖျောင်းဖျပြောဆိုခဲ့တာပါ။
နောက်ထပ်ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ သူဟာ အဆိုပါ အထပ်မြင့်ကနေ ခုန်ချလိုက်ချိန်မှာ ကြည့်ရှုသူတွေဆီက ထိတ်လန့်တကြားနဲ့ အော်ဟစ်ခဲ့ကြတဲ့ အသံတွေကို ကြားခဲ့ရတာပါ။
အဲဒီမိန်းကလေးဟာ နေရာတင် သေဆုံးသွားခဲ့ပြီး ဒီရုပ်သံဗွီဒီယိုဖိုင် ၂ ခု ဘယ်လို ဆက်စပ်နေသလဲ ဆိုတာကိုတော့ မသိနိုင်သေးဘူးလို့ သတင်းမှာ ရေးသားဖော်ပြထားပါတယ်။
စင်ကာပူရောက် မြန်မာနိုင်ငံသားတွေအရေး လိုက်လံကူညီပေးနေတဲ့ ဦးတင်မောင်ဝင်းက သေဆုံးသူဟာ မြောက်ဦးမြို့နယ်က ဖြစ်တယ်လို့ ပြောပါတယ်။
“သူက ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်က ရွာတရွာက ကလေးမလေးပါ။ နာမည်ကိုတော့ ကျနော်တို့က မပြောချင်သေးဘူး။ ဘာလို့လဲဆိုတော့ သူ့မိသားစုတွေ မသိသေးတဲ့အတွက် ကျနော့်ဘက်ကတော့ မပြောဘူး။ ”
ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာသံရုံးက မိသားစုကို အကြောင်းကြားဖို့ ဆက်လက် လုပ်ဆောင်နေတယ်လို့လည်း ပြောပါတယ်။
“သူက သေသွားပြီလေ။ ဆိုတော့ သူ့မိသားစုကို မြန်မာသံရုံးကသွားပြီး identify လုပ်တယ်။ ပြီးရင် သူ့မိသားစုကို ခေါ်ဖို့အတွက် သူ့မိသားစုကို အကြောင်းကြားပေးဖို့ ဆိုပြီး ပြောထားတယ်။ ဒီက ရခိုင်အစည်းအရုံး ရှိတယ်၊ ရခိုင်အဖွဲ့ ရှိတယ်။ ရခိုင်အဖွဲ့တွေကနေပြီး သူ့မိသားစုကို အဆက်အသွယ်လုပ်နေတယ်။”