A d v e r t i s e m e n t With Us

သူခိုးဟု စွပ်စွဲခံရသည့် ထိုင်းကျောင်းသား ၄ ထပ်တိုက်ပေါ်မှ ခုန်ချသတ်သေ

ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းခရိုင် ကလိုင်းမြို့မှာ မနေ့က အထက်တန်းကျောင်းသားတဦး သူခိုးလို့ စွပ်စွဲခံရတဲ့အတွက် အရှက်ရပြီး ၄ ထပ်တိုက်ပေါ်မှ ခုန်ချကာ သူ့ကိုယ်သူ အဆုံးစီရင်သွားတယ်လို့ ထိုင်းနယူးစ်အေဂျင်စီသတင်းမှာ ဖော်ပြပါတယ်။ ဇွန်လ ၁၂ ရက် နေ့ခင်းပိုင်းက တခြားကျောင်းသူကျောင်းသားတွေ စာသင်နေချိန် အသက် ၁၇ နှစ်အရွယ် အထက်တန်းကျောင်းသားတဦး အမြင့် ၁၅ မီတာရှိ ၄ ထပ်တိုက်ပေါ်မှ ခုန်ချလာတဲ့အတွက် အရေးပေါ်လူနာတင်ကားနဲ့ ရနောင်းဆေးရုံကို ပို့ဆောင်ပေးခဲ့ပေမယ့် ကျောင်းသားဟာ ဒဏ်ရာပြင်းထန်လို့ အဲဒီညမှာပဲ သေဆုံးသွားတယ်လို့  ရနောင်းရဲစခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။ ရနောင်းရဲတပ်ဖွဲ့မှ ကျောင်းတာဝန်ရှိသူတွေကို မေးမြန်းရာမှာ သူတို့ကျောင်းမှာ ပြီးခဲ့တဲ့ ၈ ရက်နေ့က ကျောင်းသားတဦးရဲ့ ငွေ ၂၀၀၀ ပါ ပိုက်ဆံအိတ် ပျောက်ဆုံးမှုရှိခဲ့ကြောင်း၊ စစ်ဆေးချက်အရ သေဆုံးသူကျောင်းသားက ခိုးယူခဲ့ကြောင်း သိရှိရတဲ့အတွက် သက်ဆိုင်ရာ မိဘ အုပ်ထိန်းသူတွေနဲ့ ခေါ်ယူဆွေးနွေးဖို့ စီစဉ်နေတုန်းမှာပဲ တိုက်ပေါ်ကနေ ခုန်ချသွားတာလို့ ဆိုပါတယ်။ ကျောင်းသူကျောင်းသားတွေရဲ့ ပြောပြချက်အရ မနေ့မနက်က ကျောင်းသူကျောင်းသားတွေ ကျောင်းရှေ့အလံတိုင်မှာ နိုင်ငံတော်သီချင်းဆိုဖို့ စုဝေးစဉ် ကျောင်းအုပ်ကြီးက ဆုံးမသွန်သင်စကား ပြောကြားခဲ့ကြောင်း၊ အဲဒီနောက် သေဆုံးသူကျောင်းသားကို အလံတိုင်ရှေ့မှာ ခေါ်ယူပြီး သူဟာ ပျောက်ဆုံးနေတဲ့ ပိုက်ဆံအိတ်ခိုးယူသူဖြစ်ကြောင်း၊ သက်သေအဖြစ် စီစီတီဗွီကင်မရာရှိကြောင်း ပြောခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက် သူက သူငယ်ချင်းတွေကို ဒီဘဝအတွက်တော့ နှုတ်ဆက်ခဲ့ပါပြီဆိုတဲ့ မက်ဆေ့ခ်ျ LINE ကနေတဆင့် ပို့ပြီး တိုက်ပေါ်က ခုန်ချသွားတာလို့ ကျောင်းသားတွေက  ပြောပါတယ်။ လောလောဆယ် ကျောင်းအုပ်ဆရာကြီး၊ ဆရာ ဆရာမနဲ့ မိဘအုပ်ထိန်းသူတွေကို ရဲစခန်းမှာ ခေါ်ယူစစ်ဆေးနေတယ်လို့ သတင်းမှာ ဖော်ပြသွားပါတယ်။

A d v e r t i s e m e n t With Us

More News
Up