မြန်မာပြည်က အခွင့်ထူးခံတွေကို အကျိုးပြုတာမဖြစ်ဖို့ ကမ္ဘာ့ဘဏ်ကို သတိပေး
နေသွင်
·
February 14, 2012
မြန်မာပြည်ကိစ္စနဲ့ပတ်သက်လို့ ကမ္ဘာ့ဘဏ်က ထိပ်တန်းခေါင်းဆောင်တွေ မကြာခင်မှာ ဆွေးနွေးဆုံးဖြတ်ကြဖို့ ရှိနေတဲ့အချိန်မှာ ကမ္ဘာ့ဘဏ်ရဲ့ အကူအညီဟာ မြန်မာပြည်က အခွင့်ထူးခံတွေကို အကျိုးပြုတာ မဖြစ်ဖို့ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့က သတိပေးလိုက်ပါတယ်။
မနေ့က ပေးပို့တဲ့ အိတ်ဖွင့်ပေးစာမှာ မြန်မာပြည်က ပဋိပက္ခဖြစ်နေတဲ့ဒေသတွေမှာ ဖွံ့ဖြိုးရေးအကူအညီ အရေးတကြီး လိုအပ်နေတဲ့အချိန်မှာ အစိုးရနဲ့ နီးစပ်လို့ အခွင့်ထူးရနေတဲ့ စီးပွားရေးသမားတွေပဲ စီးပွားရေးအရ နောက်ထပ် အကျိုးအမြတ်ရတာမျိုး မဖြစ်ဖို့ လိုတယ်လို့ သတိပေးလိုက်တာပါ။
ပဋိပက္ခဖြစ်တဲ့ဒေသတွေက ဖွံ့ဖြိုးရေးအစီအစဉ်တွေကို ပွင့်လင်းမြင်သာမှုရှိရှိ၊ တာဝန်ခံမှုရှိရှိ နဲ့ ဆောင်ရွက်မယ်ဆိုရင် မြန်မာပြည်မှာ စစ်မှန်တဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ဖြစ်ဖို့အတွက် လွယ်ကူချောမွေ့စေမယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့က ဆိုပါတယ်။
မြန်မာ့အစိုးရက ကမ္ဘာ့ဘဏ်က ချေးငွေကို ပြန်မဆပ်တဲ့နောက် ၁၉၈၇ ခုနှစ်ကတည်းက မြန်မာပြည်ကို ဘဏ္ဍာရေးအကူအညီတွေ ဖြတ်တောက်ထားတာပါ။ ကုလသမဂ္ဂရဲ့ လူသားဖွံ့ဖြိုးမှုအညွှန်းကိန်းအရ မြန်မာပြည်ဟာ နိုင်ငံပေါင်း ၁၈၇ နိုင်ငံမှာ အောက်ဆုံးနားက အဆင့် ၁၄၇ မှာ ရှိပါတယ်။
မြန်မာပြည်ဟာ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ် အပါအဝင်၊ နိုင်ငံတကာ အစိုးရတွေကို ပြန်ဆပ်ရမယ့် အကြွေး အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ ကျန်ရှိနေပါတယ်။ အဲဒီထဲမှာ ကမ္ဘာ့ဘဏ်ကိုလည်း သန်းရာပေါင်းများစွာ ပေးစရာ ကျန်နေတယ်လို့ စီးပွားရေးအကြောင်း အသားပေးရေးတဲ့ ဝေါ(လ်)စထရိဂျာနယ် (The Wall Street Journal) က ဆိုပါတယ်။
ပြီးခဲ့တဲ့အပတ်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က အမေရိကန်ရဲ့ မြန်မာပြည်အပေါ် ပိတ်ဆို့ထားမှုတချို့ကို လက်မှတ်ထိုး ရုပ်သိမ်းတဲ့နောက်မှာ နိုင်ငံတကာငွေကြေး အဖွဲ့အစည်းဆီကနေ အကူအညီတွေ ပြန်ရနိုင်တယ်လို့ ခန့်မှန်းချက်တွေ ထွက်ပေါ်နေပါတယ်။
ဒါပေမယ့် ကမ္ဘာ့ဘဏ်ရဲ့ ဒီဇင်ဘာလအတွင်းက ထုတ်ပြန်ချက်မှာလည်း မြန်မာပြည်က စီးပွားရေး ပွင့်လင်းလာဖို့၊ စီးပွားရေးဖွံ့ဖြိုးလာဖို့၊ ပြည်သူတွေရဲ့ လူနေမှုအဆင့်အတန်းတွေ တိုးတက်လာဖို့ လုပ်ဆောင်စရာတွေ များစွာရှိနေပေမယ့် ကမ္ဘာ့ဘဏ်က ကြွေးသစ် ချေးပေးနိုင်ဖို့ဆိုရင်တော့ ကြွေးဟောင်းကိစ္စ အရင်ရှင်းပြီးမှပဲ ဖြစ်နိုင်မယ်လို့ ဆိုထားပါတယ်။