Home
မြန်မာသတင်း
ဆွီဒင်နိုင်ငံက ပေးအပ်သည့် Olof Palme Prize ဆု ဒေါ်အောင်ဆန်းစုကြည် လက်ခံရယူ
DVB
·
June 13, 2017
ဆွီဒင်နိုင်ငံမှာ ရောက်ရှိနေတဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ  ဆွီဒင် Olof Palme Memorial Fund မှချီးမြှင့်တဲ့  Olof Palme Prize ဆုကို ဆွီဒင်နိုင်ငံခြားရေးဝန်ကြီးဌာနခန်းမမှာ မနေ့က လက်ခံရယူခဲ့ပါတယ်။ အဆိုပါဆုဟာ ဒီမိုကရေစီအရေး အကြမ်းမဖက်လှုပ်ရှားမှုအတွက်  ဂုဏ်ပြုသောအားဖြင့် ၂၀၀၅ ခုနှစ်ကတည်းက ဒေါ်အောင်ဆန်းစုကြည်ကို  ချီးမြှင့်ခဲ့တဲ့ဆု ဖြစ်ပြီး ဆုကြေး အမေရိကန်ဒေါ်လာ ၇၅၀၀၀ ရရှိမှာ ဖြစ်ပါတယ်။ ဆွီဒင်နိုင်ငံ ၂ ရက်ကြာ တရားဝင်ချစ်ကြည်ရေး ခရီးစဉ်အတွင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ဆွီဒင်ဝန်ကြီးချုပ်နဲ့ ဆွီဒင် နိုင်ငံခြားရေးဝန်ကြီးတို့နဲ့ လည်း စတော့ခ်ဟုမ်းမြို့မှာ တွေ့ဆုံခဲ့ပါတယ်။ ဆွီဒင်ဝန်ကြီးချုပ် စတီဖဖန်လိုဗန်နဲ့ တွေ့ဆုံရာမှာ ဆွီဒင်နိုင်ငံက  ချမှတ်အကောင်အထည်ဖော်မယ့်  မြန်မာနိုင်ငံ  ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ မူဘောင်သစ် အောက်မှ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်သွားရေး၊ စိုက်ပျိုးရေးကဏ္ဍမှာ အဆင့်မြင့် နည်းပညာတွေ ဖလှယ်ရေးနဲ့  ဈေးကွက် ဖန်တီးပေးရေး၊ ကုန်သွယ်ရေး၊ ပညာရေးနဲ့ သယ်ယူပို့ဆောင်ရေးကဏ္ဍတွေမှာ အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ မြန်မာနိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။ ဒါ့အပြင် ဆွီဒင် နိုင်ငံခြားရေးဝန်ကြီး မာဂေါ့ဝလဲလ်စထရောင်းနဲ့ တွေ့ဆုံရာမှာတော့ နှစ်နှစ်ငံ ဆက်ဆံရေးတိုးမြှင့်ရေး၊ ပညာရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ငြိမ်းချမ်းရေးမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍတိုးမြှင့်ရေး၊ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ လူမှုတာဝန်ယူမှု မြှင့်တင်ရေးကိစ္စတွေအပြင် မြန်မာပြည် အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းဖွံ့ဖြိုးတိုးတက်ရေးကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဆွီဒင်ရောက် မြန်မာအသိုင်းအ၀ိုင်းနဲ့လည်း၊ မနေ့မွန်းလွဲပိုင်းက ခေတ္တတည်းခိုနေထိုင်တဲ့  Grand ဟိုတယ်မှာ တွေ့ဆုံခဲ့ပါတယ်။ ဓာတ်ပုံ- Ministry of Foreign Affairs Myanmar
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024