Home
မြန်မာသတင်း
မိုးနဲတွင် အိမ်နီးချင်းများအား သေနတ်ဖြင့်ပစ်သတ်သူကို ရဲက အသေပစ်ခတ် ဖမ်းဆီး
နန်းမြနဒီ
·
June 12, 2017
ရှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် မိုးနဲမြို့မှာ အိမ်နီးနားချင်းတွေကို သေနတ်နဲ့ပစ်ခဲ့တဲ့ စိတ်မနှံ့သူတဦးကို တာဝန်ရှိသူတွေက ပြီးခဲ့တဲ့ ဇွန် ၁၀ ရက်နေ့က သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့ ပါတယ်။ မိုးနဲမြို့ပေါ် မိုင်းရပ်ကွက်နေ အသက် ၄၀ ကျော်အရွယ် စိုင်းအိန္ဒချဲန်ဟာ ဒီလဆန်းပိုင်းက စိတ်ဖောက်ပြန်ပြီး အိမ်နီးနားချင်းတွေကို တူမီးသေနတ်နဲ့ ပစ်ခတ်ရာက  ပါနန်းဆွေဆိုသူ အမျိုးသမီး တဦး သေဆုံးပြီး ရှမ်းလူငယ်ခေါင်းဆောင်တဦးနဲ့ အခြားလူငယ်တဦးတို့ ဒဏ်ရာရခဲ့ပါတယ်။ ဒါကြောင့် ရဲတပ်ဖွဲ့က သူ့ကို လူသတ်မှုနဲ့ အမှုဖွင့်ပြီး တခြားသူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးအတွက် သူ့ကို အရှင်ဖမ်းဆီးရမိဖို့ တပတ်ကျော် ချော့တခါ ခြောက်တလှည့် ကြိုးစားခဲ့ပေမယ့်လည်း အဖမ်းမခံတဲ့အပြင် တာဝန်ရှိသူတွေကိုပါ ပြန်လှန်ပစ်ခတ်ခဲ့တဲ့အတွက် အခုလို အသေပစ်ခတ်ဖမ်းဆီးရတာလို့ မိုးနဲမြို့နယ် ဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး လင်းနိုင်က ဒီဗွီဘီကို ပြောပါတယ်။ “ဇွန်လ ၂ ရက်နေ့ကနေ စပြီးတော့ ၅ ရက်နေ့အထိ သူက အိမ်ထဲက အိမ်ပြင်မထွက်ဘူး။ ကျနော်တို့ သူ့အိမ်ကိုဝိုင်းတယ်၊ ရဲတက်မကပါဘူး။ ပြည်သူ့စစ်၊ လ၀ကနဲ့ ထွေအုပ်ဝန်ထမ်းတွေ ရောပေါ့။ သူ့မှာ တူမီးသေနတ်ရှိတော့ လက်နက်ချဖို့ အသာတကြည်အဖမ်းခံဖို့ စပီကာနဲ့ ရှမ်း လိုရော ဗမာလိုရော အတတ်နိုင်ဆုံး ဖျောင်းဖျပြောဆိုတယ်။ ဒါပေမယ့် အဖမ်းမခံဘူး။ ၆ ရက်နေ့ ကျတော့ အထက်ကခွင့်ပြုချက်နဲ့ ကျနော်တို့က သူ့အိမ်ထဲကို မျက်ရည်ယိုဗုံး ပစ်ထည့်တယ်။ အဲဒီမှာသူက အောက်ထပ် မလွယ်ပေါက်ကနေ ထွက်ပြေးသွားတယ်။ ကျနော်တို့လည်း  သူ ရှိနိုင်မယ့်နေရာတွေ ရှာဖွေရင်း ၁၀ ရက်နေ့ကတော့ မိုးနဲမြို့အရှေ့ဘက် ၅ မိုင်ခန့်အကွာ နားလွယ်ရွာက လယ်ကွင်းထဲမှာ သွားတွေ့တယ်။ ကျနော်တို့ ရဲလုပ်ထုံးလုပ်နည်းအရ သူ့ကို အသာတကြည် အဖမ်းခံဖို့ ပြောတယ်လေ။  အဲဒီမှာ သူက ဖမ်းဆီးတဲ့အဖွဲ့တွေကို တူမီးသေနတ်နဲ့ လှမ်းပစ်တယ်။  အဲဒီတော့ ကျနော်တို့လည်း ပစ်ခတ်ဖမ်းဆီးရတာပေါ့ဗျာ။ ခြေတောက်ကို တချက် ကျောကနေ၀င်သွားတဲ့ တချက်ပေါ့။” ဒီကိစ္စနဲ့ ပတ်သက်ပြီး မိုးနဲဒေသခံ စိုင်းမောင်ကြီးကလည်း စိုင်းအိန္ဒချဲန့်မှာ မွေးရာပါ စိတ်မနှံ့တဲ့ရောဂါရှိကြောင်း၊ ဒါပေမယ့် သူဟာ လယ်ယာစိုက်ပျိုးရေး လုပ်ကိုင်ပြီး အသက် ၈၀ ကျော် မိခင်အိုကိုပါ ရှာဖွေကျွေးမွေးနေကြောင်း၊ သူ စိတ်ဖောက်လာရင်တော့ အားလုံးက ဝေးဝေးရှောင်နေရတယ်လို့ ဆိုပါတယ်။ ဒီလဆန်းပိုင်း ပစ်ခတ်မှုဖြစ်ပြီးတဲ့နောက် အိမ်သားတွေ အကုန်ထွက်ပြေးသလို အိမ်နီးနားချင်းတွေလည်း တခြားကိုပြောင်းရွှေ့နေထိုင်ကုန်ကြောင်း၊ သူထွက်ပြေး လွတ်မြောက်နေစဉ် မိုးနဲမြို့ခံတွေကြား စိုးရိမ်ထိတ်လန့်ပြီး သွားလာရတာ စိတ်မဖြောင့်ကြောင်း၊ သူအပစ်ခံရပြီး သေဆုံးသွားတဲ့အပေါ် စိတ်မကောင်းဖြစ်မိပေမယ့် တဘက်ကတော့ လုံခြုံရေးအတွက် စိတ်အေးသွားတယ်လို့  ဒီဗွီဘီကို ပြောသွားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024