ပြည်သူများ၏ လူနေမှုအဆင့်အတန်း မြင့်မားအောင်လုပ်ရန် ကုလတိုက်တွန်း
DVB
·
February 14, 2012
မြန်မာနိုင်ငံမှာ ၅ ရက်ကြာ ရောက်ရှိနေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာပြည်ဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေး နမ်ဘီယာက မြန်မာပြည်မှာ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးရေးကို ဇောက်ချလုပ်ဖို့ အရေးကြီးတယ်လို့ ပြောကြားလိုက်ပါတယ်။
“ဖွံ့ဖြိုးရေးဖြစ်စဉ်တခုလုံး ရေရှည်တည်တံ့ဖို့ဆိုရင် နယ်စပ်ဒေသမကျန်၊ တောနေ၊ မြို့နေ ပြည်သူတွေ အားလုံး ဖွံ့ဖြိုးရေးကို အညီအမျှ ခံစားခွင့်ရဖို့က အရေးကြီးတယ်။ ဖွံ့ဖြိုးရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုဟာ တချိန်ချိန်မှာ လူ့အဖွဲ့အစည်း မငြိမ်မသက် ဖြစ်မလာနိုင်အောင် ကြိုတင်ကာကွယ်တာလည်းဖြစ်တယ်။ ဒါကြောင့် အစိုးရပိုင်းရော၊ လူမှုအဖွဲ့အစည်းပိုင်းကရော တိုင်းပြည် ညီညွတ်ရေးနဲ့ တိုင်းပြည် တိုးတက်ရေး အကျိုးကို ရည်စူးပြီး ပြည်သူတွေရဲ့ လူနေမှု အဆင့်အတန်း မြင့်တက်လာအောင် အားစိုက်လုပ်ဆောင်ဖို့က မဖြစ်မနေ အရေးကြီးပါတယ်” လို့ မစ္စတာ ဗီဂျေး နမ်ဘီယာက ဆိုပါတယ်။
သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာ ယုံကြည်ချက်ကြောင့် အကျဉ်းချထားသူ အရေအတွက် တော်တော်များများကို ပြန်လွှတ်ပေးလိုက်တာနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရတို့ တွေ့ဆုံ ဆွေးနွေးတာတွေကိုလည်း ကုလသမဂ္ဂက ကြိုဆိုလိုက်ပြီး မြန်မာပြည် အခြေအနေ တိုးတက်လာတာနဲ့အမျှ ကုလသမဂ္ဂရဲ့ အကူအညီတွေပေးဖို့ နီးစပ်လာပြီလို့ သူက ပြောပါတယ်။
မစ္စတာ ဗီဂျေး နမ်ဘီယာဟာ မြန်မာပြည်မှာ ရှိနေစဉ် အစိုးရ အရာရှိတွေ၊ နိုင်ငံရေးပါတီတွေ၊ လူထုအခြေပြု အဖွဲ့တွေက ကိုယ်စားလှယ်တွေနဲ့ တွေ့ဖို့ရှိတယ်လို့ ကုလသမဂ္ဂက သတင်း ထုတ်ပြန်ထားပါတယ်။