ရေးမြို့နယ်တွင် ပင်လယ်ရေလှိုင်းဒဏ်ကြောင့် ငါးလှန်းစင်များ ပင်လယ်ထဲ မျောပါ
DVB
·
June 12, 2017
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကုလားကုတ်ကျေးရွာအုပ်စု အပေါ်၊ ဆိပ်ကျေးရွာရှေ့ဘက် ၂ မိုင်ခန့်အကွာရှိ ပရှူးချောင်းအပိုင်းမှာ ဇွန် ၁၁ ရက်မွန်းလွဲပိုင်းက ပင်လယ်လှိုင်းပုတ်ဒဏ်ကြောင့် ငါးလှန်းစင်တွေ ပင်လယ်ထဲ မျောပါသွားခဲ့တယ်လို့ ကုလားကုတ်ကျေးရွာ အုပ်ချုပ်ရေးမှူးဦးထွန်းစိန်က ပြောပါတယ်။
ပင်လယ်ကမ်းစပ်မှာ ဆောက်လုပ်ထားတဲ့ ငါးလှန်းစင် ၁၄ စင်ရှိတဲ့အနက် ၉ စင်မှာ လှိုင်းဒဏ်ပုတ်ခတ်ခြင်းကြောင့် ပင်လယ်ထဲ မျောပါသွားခဲ့ပြီး လူနဲ့ တိရစ္ဆာန်မှာ ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ဘူးလို့ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့အဖွဲ့က သွားရောက်စစ်ဆေး တွေ့ရှိချက်တွေအရ သိရပါတယ်။
ပင်လယ်ရေလှိုင်း ပုတ်ခတ်မှုကြောင့် ပင်လယ်ရေထဲ မျောပါသွားတဲ့ ငါးလှန်းစင် ၉ စင်မှာ သစ်ဝါးနဲ့ပြုလုပ်ထားပြီး အလျား ၄၅ ပေ၊ အနံ ၃၀ ပေအရွယ်ဖြစ်ကာ တန်ဖိုး ကျပ်သိန်း ၁၈၀ ခန့်ရှိပါတယ်။