မုန်တိုင်းငယ် ဘင်္ဂလားဒေ့ရှ်ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်နေ
DVB
·
June 12, 2017
ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်နေတယ်လို့ မိုးဇလဌာနက ဒီကနေ့မနက် ၁၀ နာရီခွဲအချိန် ထုတ်ပြန်ပါတယ်။
ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေပြီး မြန်မာ့ကမ်းရိုးတန်း တလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ ရံဖန်ရံခါ မိုးသက်လေပြင်း ကျရောက် လှိုင်းကြီးနိုင်ပြီး ၁ နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
မုန်းတိုင်းငယ်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုန်းတွင်းပိုင်းကို ၀င်ရောက်သွားခဲ့ပြီဖြစ်ပေမယ့် အများဆုံး လေတိုက်နှုန်း ၁ နာရီ မိုင် ၄၀ ခန့်နဲ့ တိုက်ခတ်နေဆဲ ဖြစ်တယ်လို့လည်း မိုးလေ၀သပညာရှင် ဒေါက်တာဦးထွန်းလွင်က ခန့်မှန်းပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသမှာ လေ၊ လှိုင်းနဲ့ မိုးကောင်းနေဆဲဖြစ်ပြီး ညနေပိုင်းမှာ မုန်တိုင်း အားပျော့ပျက်ပြယ်သွားမယ်လို့လည်း ခန့်မှန်းထားပါတယ်။
ဓာတ်ပုံ- Dr Tun Lwin