A d v e r t i s e m e n t With Us

ဗိုလ်ချုပ်အဖြစ် သရုပ်​ဆောင်ချင်သူများ​ ​လျှောက်ထား​နိုင်ပြီ

ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ ဦး​ဆောင်မှုနဲ့​ ရိုက်ကူး​ဖို့​ စီစဉ်​နေတဲ့​ ဗိုလ်ချုပ်​အောင်ဆန်း​ အတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကား​မှာ ဗိုလ်ချုပ်​အောင်ဆန်း​အဖြစ် သရုပ်​ဆောင်လိုတဲ့​ သရုပ်​ဆောင်သစ်​တွေ စတင်​လျှောက်ထား​နိုင်ပြီလို့​ ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်​မြောက်​ရေး​ အဖွဲ့​က ​ပြောပါတယ်။ လျှောက်ထား​မယ့်​သူဟာ အသက် ၂၀ နဲ့​ ၃ဝ အကြား​ မြန်မာနိုင်ငံသား​ ဘယ်သူမဆို ​လျှောက်ထား​နိုင်ပြီး​ ပါဝင် သရုပ်​ဆောင်လိုတဲ့​ အဓိက အ​ကြောင်း​အရင်း​ကို စာ​ကြောင်း​ ၁၀ ​ကြောင်း​မှ ၃၀ အထိ ​ရေး​သား​ကာ သတ်မှတ်ထား​တဲ့​ ​လျှောက်လွှာပုံစံဖြည့်​ပြီး​ ဓာတ်ပုံ​တွေနဲ့​တကွ ​လျှောက်ထား​နိုင်တယ်လို့​သိရပါတယ်။ ဗိုလ်ချုပ်​အောင်ဆန်း​နဲ့​ရုပ်တူသူကို အဓိကထား​ ​ရွေး​ချယ်မှာဖြစ်တယ်လို့​ ရုပ်ရှင်ဖြစ်​မြောက်​ရေး​အဖွဲ့​ဝင် ဒါရိုက်တာ ကြည်ဖြူသျှင်က ​ပြောပါတယ်။ “ဗိုလ်ချုပ်နဲ့​ အတူဆုံး​လူကို ​ရွေး​မှာပါ၊​ အဓိကက​တော့​ ရုပ်ကို ပထမအဆင့်​ ​ရွေး​မှာပါ၊​ ဒုတိယအ​နေနဲ့​ စိတ်ဓာတ်​ပေါ့​လေ။ ဗိုလ်ချုပ်နဲ့​ စိတ်ဓာတ်က​တော့​ ဘယ်သူမှ ချွတ်စွပ် မတူနိုင်ပါဘူး​။ အနီး​စပ်ဆုံး​ပေါ့​လေ။ ခံနိုင်ရည်ရှိတဲ့​ စိတ်ဓာတ်မျိုး​၊​ ​ပြောမယ်ဆိုရင်​တော့​ သူ့​ကို ဗိုလ်ချုပ်ရဲ့​ ကိုယ်ပွား​ တ​ယောက်အ​နေနဲ့​မွေး​လို့​ရမယ်။ ဗိုလ်ချုပ်ရဲ့​ စိတ်ဓာတ်​တွေ ကိန်း​အောင်း​လာ​အောင်လို့​သွင်း​လို့​ရမယ်ဆိုရင်​တော့​ အဲ့​လိုလူမျိုး​ကို ​နောက်ဆုံး​ ​ရွေး​မှာပါ။” ရိုက်ကူး​မယ့်​ အချိန်ကာလကြာမှာ ဖြစ်တဲ့​အတွက် အတိမ်း​အ​စောင်း​ မခံရ​လေ​အောင် သရုပ်​ဆောင် ၃ ​ယောက် ​ရွေး​ချယ်မှာ ဖြစ်တယ်လို့​ ​ပြောပါတယ်။ ဗိုလ်ချုပ်​အောင်ဆန်း​နေရာမှာ သရုပ်​ဆောင်မယ့်​သူ ​ရွေး​ချယ်ပြီး​ပါက ဗိုလ်ချုပ်ရဲ့​ ဇနီး​ ​ဒေါ်ခင်ကြည်​နေရာမှာ သရုပ်​ဆောင်မယ့်​ သူကို မျက်နှာသစ်ထဲက ​ရွေး​ချယ်မှာပါ။ ကျန်တဲ့​ ဇာတ်​ကောင်​တွေ ​နေရာမှာ​တော့​ ရုပ်ရှင် အနုပညာ​လောကထဲက သရုပ်​ဆောင်​တွေက သရုပ်​ဆောင်​ပေး​ကြမယ်လို့​သိရပါတယ်။ သရုပ်​ဆောင်လိုသူ​တွေအ​နေနဲ့​ မတ်လ ၁၅ ရက် ​နောက်ဆုံး​ထား​ပြီး​ ဗိုလ်ချုပ်​အောင်ဆန်း​ ရုပ်ရှင်ဖြစ်​မြောက်​ရေး​အဖွဲ့​ ရုံး​ခန်း​ - အမှတ် ၁၀၁ (ဘီ)၊​ ဓမ္မ​စေတီလမ်း​၊​ ဗဟန်း​မြို့​နယ်၊​ ရန်ကုန်၊​ ဖုန်း​ - ၀၉၇၃၁ ၆၂၇၀၀ အီး​မေး​လ်- [email protected] ကို ဆက်သွယ်​ပေး​ပို့​ရမှာ ဖြစ်ပါတယ်။ ရုပ်ရှင်ဖြစ်​မြောက်​ရေး​အဖွဲ့​ရုံး​ကို​တော့​ ​ဖေ​ဖော်ဝါရီ ၁၃ ရက် ​နေ့​ဗိုလ်ချုပ်​မွေး​နေ့​မှာ ဖွင့်​လှစ်ခဲ့​ပါတယ်။ ရုံး​ဖွင့်​ပွဲမှာ ​ဒေါ်​အောင်ဆန်း​စုကြည်က ဗိုလ်ချုပ်ရဲ့​ ဘဝမှာ အ​ရေး​ကြီဆုံး​ လုပ်​ဆောင်ခဲ့​တဲ့​ တိုင်း​ရင်း​သား​တွေ ​သွေး​စည်း​ညီညွတ်​ရေး​နဲ့​ ပြည်​ထောင်စုစိတ်ဓာတ်ကို စပြီး​ပျိုး​ခဲ့​တဲ့​ ဒီ​ဆောင်ရွက်ချက်​တွေကို အဓိကထား​ပြီး​ ဒီရုပ်ရှင်မှာ ပြ​စေချင်ပါတဲ့​ အ​ကြောင်း​နဲ့​ ဒီရုပ်ရှင်ကို အနုပညာအရ အဆင့်​မြင့်​မြင့်​ ဖြစ်​စေချင်တယ်လို့​ပြောကြား​ခဲ့​ပါတယ်။ ရုပ်ရှင် ရိုက်ကူး​ ထုတ်လုပ်ရာမှာ အသုံး​ပြုနိုင်ဖို့​ အမျိုး​သား​ရုပ်ရှင်ထုတ်လုပ်​ရေး​ လုပ်ငန်း​ကို နာ​ရေး​ကူညီမှုအသင်း​က ဦး​ကျော်သူရဲ့​ ဖခင် ဦး​စိန်တင်က ​ဒေါ်​အောင်ဆန်း​စုကြည်ကို အပြီး​အပိုင် လှူဒါန်း​ခဲ့​ပါတယ်။ ဆရာ​တော် အရှင်ဆန္ဒာဓိကလည်း​ ရုပ်ရှင်အတွက် ကျပ်​ငွေ ၁၂၈ သိန်း​၊​၊​ ဇာတ်မင်း​သား​ ဖိုး​ချစ်က သိန်း​ ၄၀ လှူဒါန်း​ခဲ့​တယ်လို့​သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up