ပျက်ကျ Y8 လေယာဉ်မှ ရုပ်အလောင်း ၅၉ လောင်း တွေ့ရှိထား
DVB
·
June 11, 2017
တပ်မတော်လေ Y8 လေယာဉ် ပျက်ကျသွားခဲ့တဲ့ ဇွန် ၈ ရက်မှ ဒီနေ့ထိ စုစုပေါင်း ရုပ်အလောင်း ၅၉ လောင်း ရရှိပြီးဖြစ်တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဒီနေ့ညနေပိုင်းက ကြေညာပါတယ်။
ဇွန် ၈ ရက်က ၂၉ လောင်း၊ ၉ ရက်နေ့က ၃ လောင်း၊ ၁၀ ရက်နေ့က ၁ လောင်းနဲ့ ၁၁ ရက်နေ့မှာ ၂၆ လောင်း စုစုပေါင်း ၅၉ လောင်း ဆယ်ယူရရှိပြီးဖြစ်တယ်လို့ ဆိုပါတယ်။
လူပေါင်း ၁၂၂ ယောက် လိုက်ပါခဲ့တဲ့ Y-8 လေယာဉ်ဟာ ဇွန် ၇ ရက်နေ့က မြိတ်ကနေ ရန်ကုန်ကို ပျံသန်းရင်း ပျက်ကျခဲ့တာဖြစ်ပါတယ်။
လေယာဉ်ပျက်ကျခဲ့တဲ့ နေရာတစ်ဝိုက်ရဲ့ တပ်မတော်(ရေ)မှ စစ်ရေယာဉ်တွေနဲ့ ဆိုနာအသုံးပြုပြီး ရှာဖွေတာ၊ ရေငုပ်စစ်သည်တွေနဲ့ ရှာဖွေတာ၊တပ်မတော်(လေ)မှ လေယာဉ်၊ ရဟတ်ယာဉ်တွေ၊ မြေပြင်တပ်တွေနဲ့ ဒေသခံပြည်သူတွေ၊ ငါးဖမ်းစက်လှေတွေ ပူးပေါင်းပြီး ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။