ကျွန်းစုတွင် သူငယ်ချင်းနှစ်ဦး အရက်အတူသောက်ရာမှ ခိုက်ရန်ဖြစ်ပွားပြီး လူသတ်မှုဖြစ်
DVB
·
June 11, 2017
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ရေမြစ်ကြီးကျေးရွာအုပ်စု၊ သဲတန်းကျေးရွာမှာ ကျားပါးစပ်လုပ်ငန်း လုပ်ကိုင်နေသူ ရေလုပ်သား အမျိုးသား နှစ်ဦး အရက်အတူသောက်ရာကနေ စကားများခိုက်ရန်ဖြစ်ပြီး လူသတ်မှုတခု ဖြစ်ပွားခဲ့တယ်လို့ ရဲက ပြောပါတယ်။
ကျွန်းစုမြို့နယ်၊ ရေမြစ်ကြီးကျေးရွာအုပ်စု၊ သဲတန်းကျေးရွာမှာ ဇွန် ၉ ရက်နေ့ ည ၇ နာရီအချိန်မှာ သူငယ်ချင်း နှစ်ဦး အရက်အတူ ထိုင်သောက်ရာမှ စကားများခိုက်ရန်ဖြစ်ရာမှ ရဲတင်းနဲ့ လည်ပင်းဝဲဘက်ကို ခုတ်သတ်ခဲ့မှု ဖြစ်ပွားခဲ့တာလို့ ကျွန်းစုမြို့နယ် ရဲစခန်းရုံးမှ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တဦးက ပြောကြားပါတယ်။
သဲတန်းကျေးရွာနေ ဦးရဲဒင်ရဲ့ ကျားပါးစပ်လုပ်ငန်းမှာ လုပ်ကိုင်နေတဲ့ ဘိန်းချေ (ခ) စံရွှေမြင့် (၄၅-နှစ်)နဲ့ ချစ်မိုး (ခ) ကျော်သူဝင်း (၄၂-နှစ်)တို့နှစ်ဦး အရက်အတူသောက်ကာ စကားများ ရန်ဖြစ်ကြတာဖြစ်ပြီး သေဆုံးသူ ချစ်မိုးဟာ အိပ်ရာထဲ တစောင်းအနေအထား လည်ပင်း ဝဲဘက် ရဲတင်းနဲ့ ခုတ်ထားတဲ့ ပြတ်ရှဒဏ်ရာနဲ့ သေဆုံးနေတာ တွေ့ရတယ်လို့ ဆိုပါတယ်။
ဘိန်းချေ (ခ) စံရွှေမြင့်အား ဥပဒေအရ အရေးယူနိုင်ဖို့ ကျွန်းစု မြို့မရဲစခန်းမှ (ပ) ၁၂၅/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့်လှစ်ထားကြောင်း သိရပါတယ်။
သတင်း - ဇော်ဇော်(မြိတ်)