Home
မြန်မာသတင်း
ဝမ်းတွင်းမြို့နယ် ငရုတ်စိုက် တောင်သူများ ဆည်ရေလုံလောက်စွာမရ၍ အခက်ကြုံ
DVB
·
June 11, 2017
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ သင်္ဃန်းဆွဲကျေးရွာအုပ်စုမှာ ငရုတ်စိုက်တောင်သူတွေဟာ ကင်းတားဆည် ရေပေးဝေတာ မလုံလောက်လို့ ငရုတ်ပင်တွေ ညှိုးခြောက်ပျက်စီးလာနေလို့ အခက်ကြုံနေကြရကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းဇော်က ပြောပါတယ်။ “မေလကစပြီး ရေဖြတ်သွားတယ် ငရုတ်စိုက်ဧက ၁၅၀၀ လောက်ရှိတယ်။ နှမ်းစိုက်ဧက ၂၀၀၀ လောက်ရှိတယ်။ အခုအချိန်က အပွင့်ဝေတဲ့အချိန် ရေတအားလိုတယ်။ ရေဖြတ်ထားတော့ အပွင့်ကနေ အဖူး မဖူးနိုင်တော့ဘဲ ကြွေကုန်တယ်။ မြို့နယ်စိုက်ညှိအဖွဲ့ကို တင်ပြတယ်။ ဆည်မြောင်းက ကျူးဆက် ၁၀၀ လောက်လွှတ်တယ်။ ငရုတ်စိုက်တောင်သူက အမျာကြီး ဆိုတော့ ရေလုယူနေရတယ်။ ဆည်မြောင်းက ရေပိတ်ဖွင့် ရေလှည့်ဇယားဆွဲတာ အောက်ခြေ တောင်သူတွေနဲ့ ညှိပြီးဆွဲသင့်တယ်။ ယာသီးနှံအခြေအနေ မသိဘဲ ဆွဲတော့ တောင်သူတွေ ဒုက္ခရောက်တာပေါ့။” မြို့နယ်စိုက်ပျိုးရေး မန်နေဂျာ ဦးမင်းအောင်က “တမြို့နယ်လုံး ယာသီးနှံ ဧက ၂၅၀၀၀ လောက် စိုက်ထားတယ်။ ကင်းတားဆည်ရေသောက်အနေနဲ့ စီမံကိန်း ယာသီးနှဧက ၁၇၀၀ လောက်ရှိတယ်။ မိုးကလည်း လိုသလောက် မရွာဘူး။ ယာသီးနှံတွေ အပွင့်ဝင်တဲ့အချိန်ဆိုတော့ ရေလိုပါတယ်” လို့ ပြောပါတယ်။ ဆည်မြောင်းထိန်းသိမ်းရေးဦးစီးဌာန အင်ဂျင်နီယာ ဦးခင်မောင်ဝင်းက “မေလ ၁၃ ရက်ကနေ ဇွန်လ ၁၅ ရက်နေ့အထိ ရေဖြတ်ထားတယ်။ ရေပိတ်ရက်ပါ။ မြို့နယ်နဲ့ ညှိနှိုင်းပြီး မေတ္တာလက်ဆောင် ပေးထားတဲ့ရေပါ။ ရေပိတ်ရက်မို့ ရေပေးစရာ မလိုပါဘူး။ ဆည်မြောင်းဌာန လိုတာတွေ ပြင်စရာတွေ လုပ်နေတယ်” လို့ ပြောပါတယ်။ ရွာခံတောင်သူ ဦးကြည်ဝင်းက “စိုက်စရိတ် ထည့်ထားတာလေး အရင်းပြန်ရဖို့တောင် ခက်မယ်။ ၃၀ ရာနှုန်းလောက်တော့ ပျက်သွားပြီ” လို့ ပြောပါတယ်။ ၂၀၁၆ က ဇွန်လ ၁၀ ရက်နေ့အထိ မိုးရေချိန်လက်မ ၁၂ ဒသမ ၅၅ ရွာခဲ့ပါတယ်။ အခု ၂၀၁၇ မှာ မိုးရေချိန်လက်မ ၀ ဒသမ ၆၈ သာ ရွာသေးတဲ့အတွက် ယာသီးနှံစိုက် တောင်သူတွေ ဆည်ရေကို အားကိုးနေရတယ်လို့ သိရပါတယ်။ သတင်း - မောင်မောင်လင်း(ဝမ်းတွင်း)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024