မိန်းမလှကျွန်းတွင် သစ်ခုတ်သမားတဦး မိကျောင်းကိုက်ခံရ၍ သေဆုံး
DVB
·
June 11, 2017
မိန်းမလှကျွန်း သစ်တောကြိုးဝိုင်းအတွင်း သစ်ခုတ်နေသူတဦး မိကျောင်းကိုက်ခံရပြီး သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ဘိုကလေးမြို့မရဲစခန်းကပြောပါတယ်။
ဇွန် ၈ ရက်နေ့ ည ၁၁ နာရီအချိန်လောက်က ဘိုကလေးမြို့နယ်၊ ပျဉ်ဘိုးကြီးကျေးရွာအုပ်စု၊ ကန်မလာချောင်းကျေးရွာမှာ နေထိုင်တဲ့ အသက် ၅၄ နှစ်ရှိ ဦးဌေးဝင်းဟာ တူမဖြစ်သူ မဝင်းခိုင်နဲ့အတူ လက်ခတ်လှေနဲ့ ထင်းခုတ်ဖို့ သွားခဲ့တာပါ။
ဦးဌေးဝင်းတဦးတည်း မိန်းမလှကျွန်းအတွင်းမှာရှိတဲ့ ကြောင်ထောက်ဝဲချောင်းအတွင်းက ချောင်းကမ်းစပ်နားမှာ သစ်ပင်ခုတ်လှဲနေချိန် မိကျောင်းတစ်ကောင်က ကိုက်ချီသွားတာလို့ ဆိုပါတယ်။
တူမဖြစ်သူက နေအိမ်ကို ဖုန်းဆက်အကြောင်းကြားခဲ့ပြီး ရွာသားတွေက လိုက်လံရှာဖွေတဲ့အခါ ဇွန် ၁၀ ရက်နေ့ညနေ ၃ နာရီခွဲလောက်က ကြောင်ထောက်ဝဲချောင်းအတွင်း ရေလယ်မှာ အလောင်းကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
သေဆုံးသူရဲ့ ယာဘက်ပေါင်မှာ အသားစတွေထွက်နေပြီး၊ ပေါင်အရိုးကျိုးဒဏ်ရာ၊ ဝမ်းဗိုက်မှာ ကုတ်ခြစ်ဒဏ်ရာ ၃ ချက်ရရှိပြီး သေဆုံးခဲ့တာပါ။
ဘိုကလေးမြို့နယ်အောက်ပိုင်းမှာ နှစ်စဉ် မိကျောက်ကိုက်ခံရတာကြောင့် အသက်သေဆုံးသူ၊ ဒဏ်ရာရရှိသူတွေ ရှိနေပါတယ်။