အစိုးရက ဓာတ်ဆီဈေး ထပ်မံတိုးမြှင့်
DVB
·
February 13, 2012
အစိုးရစွမ်းအင်ဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်းက ရောင်းချပေးတဲ့ ဓာတ်ဆီဈေးနှုန်း ၁ ဂါလန်ကို ကျပ် ၂၀၀ ထပ်မံ မြှင့်တင်လိုက်ပါတယ်။
ပြီးခဲ့တဲ့ စနေနေ့က စတင်ပြီးတော့ ဈေးနှုန်းတွေကို တိုးမြှင့် သတ်မှတ်လိုက်တာ ဖြစ်ပြီး အရင်က ၁ ဂါလန် ၃,၃၅၀ ကျပ်ပေးရတဲ့ ဓာတ်ဆီဈေးနှုန်းတွေက ကျပ် ၃,၅၅၀ ဖြစ်သွားပြီလို့ ရန်ကုန် အစိုးရဓာတ်ဆီဆိုင်က ပြောပါတယ်။
ဒါပေမယ့် ဓာတ်ဆီ ဝယ်ယူခွင့်ကတော့ အပြောင်းအလဲ မရှိဘဲ အရင် ခွဲတမ်း အတိုင်းပဲ ကားတစီး တနေ့ ၂ ဂါလန် ရောင်းချပေးနေဆဲ ဖြစ်ပါတယ်။
မကြာသေးခင်လပိုင်းကပဲ ကမ္ဘာရေနံဈေး မြင့်တက်ခဲ့တဲ့အတွက် ၁ ဂါလန် ၂,၅၀၀ နဲ့ ရောင်းချနေတဲ့ ဓာတ်ဆီဈေးဟာ ၃,၃၅၀ အထိ တိုးမြှင့်ခဲ့ပါသေးတယ်။
အစိုးရက ဆီဈေးတိုးမြှင့်လိုက်တဲ့အတွက် လတ်တလော တက္ကစီ ငှားခ ဈေးနှုန်းတွေလည်း မြင့်တက်လာနေတယ်လို့ သိရပါတယ်။
ရန်ကုန် မှောင်ခိုဓာတ်ဆီ အရောင်းအဝယ်ဈေးကွက်မှာ ဓာတ်ဆီဈေး မြင့်တက်မှု ရှိသလို မန္တလေးနဲ့ အခြား ဝေလံခေါင်ဖျား နယ်မြို့တွေမှာတော့ တဂါလံ ကျပ် ၄ ထောင်ကျော်အထိ ဈေးမြင့် တက်နေပါတယ်။