A d v e r t i s e m e n t With Us

သုံးဘီးမော်တော်ဆိုင်ကယ် စီးပြီး ပျော်ရွှင်နေသည့် ဝက်ဝံကြီး (ရုပ်သံ)

ဇွန်လ ၉ ရက်၊ ၂၀၁၇ ခုနှစ် သုံးဘီးမော်တော်ဆိုင်ကယ်ရဲ့ ခရီးသည်ထိုင်ခုံပေါ်မှာ အညိုရောင် ဝက်ဝံကြီးက အတွေ့အကြုံရှိ ခရီးသည်တဦးလို စီးနင်းလိုက်ပါလာတဲ့ ထူးဆန်းတဲ့ ရုပ်သံဗွီဒီယို ထွက်ပေါ်နေပါတယ်။ ဒီရုပ်သံကို ရုရှားအနောက်မြောက်ဘက်၊ ကိုမီရီပက်ဘလစ်နိုင်ငံ စစ်က်တစ်ဗ်ကာမြို့မှာ ရိုက်ကူးခဲ့တာဖြစ်ပြီး ဝက်ဝံကြီးက ခရီးသည်တဦးလို ပျော်ပျော်ရွှင်ရွှင် စီးနင်းလိုက်ပါလာတယ်လို့ မေရာသတင်းမှာ ဇွန်လ ၉ ရက်နေ့က ရေးထားပါတယ်။ ဒီလို ထူးခြားတဲ့မြင်ကွင်းက ကြည့်မြင်ရသူတွေကို ဆူဆူညံညံ အော်ဟစ်ကျန်ခဲ့စေပြီး မြင်တဲ့လူတော်တော်များများကလည်း ဒီရုပ်သံကို လူမှုကွန်ရက်တွေပေါ်မှာ တင်ခဲ့ကြပါတယ်။ ရုရှားလုပ် သုံးဘီးမော်တော်ဆိုင်ကယ်ပေါ်မှာ ဝက်ဝံကြီးက ပျော်နေပုံရပါတယ်။ နောက်ပိုင်း သိရတာက မြို့တွင်းမှာရှိတဲ့ ကလေးများ စိတ်ရောဂါ အာရုံကြောနဲ့ဆိုင်သော ဆေးခန်းအတွက် ရန်ပုံငွေရှာဖို့ ဒေသခံစက်ဘီးအသင်း ပိုလာဝုဗ်နဲ့ မြို့ကို ရောက်လာတဲ့ ဆပ်ကပ်တို့ ပူးပေါင်းပြီး အလှူငွေ ရဖို့အတွက် ထူးထူးခြားခြား လုပ်ပြခဲ့တာလို့ ဆိုပါတယ်။ ဆပ်ကပ်အဖွဲ့က တသက်လုံး ဒီလို သရုပ်ဆောင် ပြသခဲ့တဲ့ အသက် ၂၂ နှစ်အရွယ် ဝက်ဝံကြီးကို ပံ့ပိုးပေးခဲ့ပြီး ဆိုင်ကယ်မောင်းသူရဲ့ နောက်က လိုက်စီးသူကတော့ ဝက်ဝံထိန်း ဖြစ်တယ်လို့ သိရပါတယ်။ ဆိုင်ကယ်စီးခဲ့တဲ့ ဝက်ဝံကြီးရဲ့ ရုပ်ပုံတွေကို လူမှုကွန်ရက်ပေါ်မှာ ဖြန့်ခဲ့လို့ အချိန်ခဏအတွင်း ပျံ့နှံ့ရေပန်းစားနေတယ်လို့လည်း ဆိုပါတယ်။ “ဒေသခံတွေနဲ့ အထူးသဖြင့် ကလေးတွေကို ပြုံးပျော်အောင် မင်းလုပ်နိုင်ခဲ့တယ်၊ ဒီဒေသမှာ ပိုမို ပျော်ရွှင်စေပြီး ခုလို အကောင်းသဘောဆောင် အချိန်ကာလတွေ ရှိပါစေလို့ ဆန္ဒပြုပါတယ်” လို့ မှတ်ချက်ရေးသူ တဦးက ရေးထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up