သထုံတွင် တရားမဝင် လိုင်စင်မဲ့ယာဉ် ၆ စီး ဖမ်းမိ
DVB
·
June 10, 2017
မွန်ပြည်နယ်၊ သထုံမြို့၊ ကြာပန်းကျေးရွာအုပ်စုရှိ ဒုံသမိတံတားနဲ့ ခရိုင်ချင်းဆက် လမ်းတွေပ်ါမှာ ဇွန် ၉ ရက်နေ့က တရားမဝင် သယ်ဆောင်မောင်းနှင်လာတဲ့ လိုင်စင်မဲ့ မော်တော်ယာဉ် ၆ ကို ဖမ်းဆီးရမိခဲ့တယ်လို့ သုဓမ္မဝတီရဲစခန်းက ပြောပါတယ်။
သထုံခရိုင်ရဲတပ်ဖွဲ့မှ ရဲအုပ်အောင်သူက “လိုင်စင်မဲ့ယာဉ်တွေ သယ်ဆောင်မောင်းနှင်ပြီး သထုံမှာရှိတဲ့ ခရိုင်ချင်းဆက်လမ်းတွေကို အသုံးပြုပြီး ဖြတ်သန်းသွားလာနေတယ်လို့ သတင်းအရ ဖြတ်သွားနိုင်လောက်တဲ့ လမ်းတွေပေါ်မှာ စောင့်ဖမ်းတာပါ။ ဒုံသမိတံတားပေါ်မှာ ၁ စီး မိတယ်၊ အင်းရှည်ကျေးရွာ လမ်းပေါ်မှာ ၂ စီးနဲ့ ကဇိုင်းကျေးရွာ လမ်းပေါ်မှာ ၃ စီး၊ စုစုပေါင်း ၆ စီးဖမ်းမိပါတယ်”လို့ ပြောပါတယ်။
သတင်းအရ သထုံခရိုင်ရဲတပ်ဖွဲ့က တပ်ဖွဲ့ဝင်တွေဟာ ဘားအံဘက်ကနေ ရန်ကုန်ဘက် ကြာပန်း-ဝီယော်ခရိုင်ချင်းဆက်လမ်းမှာ ဗိုလ်ဗိုလ် မောင်းနှင်လာတဲ့ ယာဉ်အမှတ် YGN(4G/5156)၊ TOYOTAR BIGHORN အမျိုးအစား ယာဉ်၊ ဝင်းမောင် မောင်းနှင်လာတဲ့ ယာဉ်အမှတ် YGN(8L/4168)၊ HONDA CRV အမျိုးအစားယာဉ်၊ ဒုံသမိတံတားပေါ်မှာ စိုင်းနောင် မောင်းနှင်လာတဲ့ ယဉ်အမှတ်(5L/7325) HONDA FIT အမျိုးအစား ယာဉ်၊ ကဇိုင်းရွာလယ်လမ်းမှာ တင်အောင်မိုး မောင်းနှင်လာတဲ့ ယာဉ်အမှတ် YGN(4K/8028) CROWN အမျိုးအစားယာဉ်၊ ထွန်းနိုင်ဦး မောင်းနှင်လာတဲ့ ယာဉ်အမှတ် YGN(9E/2076)၊ QR-20 XTRAIL အမျိုးအစား ယာဉ်၊ နေထက်လင်းခိုင် မောင်းနှင်လာတဲ့ ယာဉ်အမှတ် YGN(8H/7377) NISSAN X-TRAIL အမျိုးအစား ယာဉ်တို့ကို စစ်ဆေးရာမှာ ယာဉ်နဲ့ပတ်သက်တဲ့ အထောက်အထား တစုံတရာ မပြသနိုင်တာကြောင့် ဖမ်းဆီးအရေးယူထားတယ်လို့ ရဲစခန်းက သိရပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်ပြီး လိုင်စင်မဲ့ မော်တော်ယာဉ် တင်သွင်းမောင်းနှင်သူ ၆ ဦးတို့ကို (ပ) ၁၂၄/၂၀၁၇၊ ပို့ကုန်သွင်းကုန် ပုဒ်မ ၈ တို့နဲ့ အသီးသီး အမှုဖွင့်အရေးယူဆောင်ရွက်နေတယ်လို့ ရဲမှတ်တမ်းတွေအရ သိရပါတယ်။
သတင်း - ယူမင်းစိုး