A d v e r t i s e m e n t With Us

၂၂ နှစ်အကြာ ဝမ်းချုပ်ဝေဒနာသည် အမျိုးသား၏ လက်မ ၃၀ အရွယ် အူမကြီးကို ခွဲစိတ်ဖယ်ရှား

ဖြစ်ခဲလှတဲ့ သက်တမ်းတလျှောက်လုံး ဝမ်းချုပ်ဝေဒနာ ခံစားနေရတဲ့ အမျိုးသားတဦးကို စမ်းသက်စစ်ဆေး ဆေးကုသပြီးနောက် သူ့ရဲ့ ကြီးမားလှတဲ့ ၃၀ လက်မအရွယ် အူသိမ်အူမကြီးကို ဆရာဝန်တွေက ခွဲစိတ်ဖယ်ရှားနိုင်ခဲ့တယ်လို့ မေရာရဲ့ ဇွန်လ ၉ ရက်နေ့ သတင်းမှာ ရေးထားပါတယ်။ တရုတ်နိုင်ငံက အသက် ၂၂ နှစ်အရွယ် အမည်မဖော်ပြထားတဲ့ အမျိုးသားတဦးက HD ခေါ် Hirschsprung ရောဂါလို့ခေါ်တဲ့ အူ ပုံမှန်အလုပ်မလုပ်တဲ့ မွေးရာပါရောဂါ ပါလာခဲ့ပြီး သူ့ရဲ့အူမထဲက ကြွက်သားအချို့မှာ နာ့ဗ်အကြောတွေ မပါလာခဲ့လို့ သူရဲ့ သက်တမ်းတလျှောက်လုံး ဝမ်းချုပ်ဝေဒနာကို ခံစားခဲ့ရတယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီအမျိုးသား ငယ်ရွယ်စဉ်မှာပဲ သူ့ရဲ့ဝမ်းဗိုက်က စတင်စူဖောင်းလာခဲ့ပြီး လူတွေက ဒီလူဟာ ကိုယ်ဝန်ဆောင်နေသလိုကြီး ဖြစ်နေတယ်လို့တောင် ထင်ကြတယ်လို့ ဆိုပါတယ်။ အူသိမ်အူမတွေ လှုပ်ရှားလာဖို့ အခြား ဝမ်းချုပ်ပျောက်တဲ့ ဆေးတွေနဲ့ ဝမ်းနုတ်ဆေးတွေကို အားကိုးခဲ့ရတယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံအရှေ့ပိုင်း ရှန်ဟိုင်းမြို့ 10th People’s ဆေးရုံကြီးက ဒေါက်တာရင်လူနဲ့ သူ့ရဲ့ခွဲစိတ်ဆရာဝန်အဖွဲ့က ဒီအမျိုးသားကို တွေ့တဲ့အခါ သူ့ရဲ့ဝမ်းဗိုက်အရွယ်ကို ကြည့်ပြီး “ဝမ်းဗိုက်ကြီးက အချိန်မရွေး ပေါက်ကွဲသွားမလိုပဲ” လို့ ပြောပြီး အံ့အားသင့်သွားတယ်လို့ ပြောပါတယ်။ နောက်ဆုံးမှ ဒီလို ခွဲစိတ်ကုသဖို့ ဘာလို့ ဆုံးဖြတ်တယ်ဆိုတာကို ခွဲစိတ်ဆရာဝန်အဖွဲ့က မပြောသွားပါဘူး။ ဒါပေမယ့် အကြီးအကျယ် မသက်မသာဖြစ်လာလို့ ခွဲစိတ်ကုသဖို့ ဆုံးဖြတ်တာလို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ ဒီအမျိုးသားကို နောက်ဆုံး ခွဲစိတ်တဲ့အခါ ၃ နာရီကြာတဲ့ ခွဲစိတ်မှုအပြီး ၇၆ စင်တီမီတာ (၃၀ လက်မ) အရွယ်ထိ ကြီးမားနေတဲ့ သူ့ရဲ့အူကြီးကို ခွဲစိတ်ဖယ်ရှားနိုင်ခဲ့တာပါ။ အူထဲက မစင်တွေ ထွက်မကျလာအောင် ဖြတ်တောက်ဖယ်ရှားလိုက်တဲ့ အူရဲ့အစွန်း ၂ ဖက်ကို ချုပ်ပြီး အလေးချိန်ကြည့်တဲ့အခါ ၁၃ ကီလိုဂရမ် အလေးချိန်ရှိတယ်လို့ သိရပါတယ်။ လူနာက တည်ငြိမ်နေပြီး လုံးဝကောင်းနိုင်မယ်လို့ မျှော်လင့်နေကြပါတယ်။ ဒီ HD ရောဂါက မွေးဖွားလာသူ ၅၀၀၀ ထဲမှာ အကြမ်းဖျင်း ၁ ဦးသာ ခံစားရတဲ့ ရောဂါဖြစ်ပြီး များသောအားဖြင့် ကလေးအရွယ်မှာ ဆေးကုသကြပါတယ်။ ဒါပေမယ့် အချို့ဝေဒနာသည်တွေက အသက်ကြီးလာတဲ့အထိ သူတို့မှာ ဒီဝေဒနာ ရှိနေတာကို မသိကြဘူးလို့ ရေးထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up