ရေပူတွင် ကျောက်စိမ်း၊ သစ်၊ အေးခဲအမဲသားခြောက် အများအပြား ဖမ်းမိ
DVB
·
June 10, 2017
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး-သန္နီကြားရှိ ရေပူအမြဲတမ်းစစ်ရေးစခန်းမှာ ကျောက်စိမ်းကား ၃ စီး၊ သစ်ကား ၃ စီးနဲ့ အမဲသားခြောက်ကား ၃ စီးတို့ကို ဖမ်းဆီးမိတယ်လို့ အကောက်ခွန် ဒုညွှန်ကြားရေးမှူးက ပြောပါတယ်။
ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း အကောက်ခွန် ဒုညွှန်ကြားရေးမှူး ဦးတက်ထွန်းအောင်က "ဒီနေ့ သစ်ကတော့ သိပ်မများပါဘူး။ သစ်ကားတွေတော့ ကားသေးသေးလေးတွေ ၃ စီးမိတယ်။ ကျောက်စိမ်းတွေက များတယ်။ ခါတိုင်းက အရိုင်းတုံးတွေပဲ။ အခု အဲဒီထဲမှာ ကျောက်စိမ်းအစစ်တွေ ရောပါတယ်။ တန်ဖိုးတွေရော အားလုံးကို အခုမှစပြီး စစ်နေတယ်။ စစ်ပြီးရင် ပြီးမှ အကောက်ခွန်ကို သွားအပ်ရမယ်။ အမဲသားခြောက်ကားက ၃ စီးလည်း မိတယ်။ မနေ့ည တညလုံး မနားတမ်း ဖမ်းလိုက်တယ်။ အခုလူတွေ နည်းနည်းတော့ ပန်းနေလို့လေ" လို့ ပြောပါတယ်။
လက်ရှိဖမ်းဆီးရမိတဲ့ ကျောက်စိမ်း၊ အမဲသားခြောက်နဲ့ သစ်တွေကို စစ်ဆေးနေပြီး ကားသမားများအချို့ကိုလည်း သိန္နီရဲစခန်းကို ပိုဆောင်ထားတယ်လို့ ဆိုပါတယ်။
ရေပူဂိတ်မှာ မကြာခဏ မိုင်းပေါက်ကွဲမှု ဖြစ်နေပေမယ့် ဖမ်းဆီးတာတွေကိုတော့ လျှော့ချမှာမဟုတ်ကြောင်း ဦးတက်ထွန်းအောင်က ပြောပါတယ်။
"မိုင်းလည်း ခဏခဏ လာခွဲနေတော့ သူတို့ပဲ ခွဲနိုင်မလား၊ ငါတို့ပဲ ဖမ်းနိုင်မလားပေါ့" လို့ ပြောပါတယ်။
ရေပူဂိတ်မှာ ဇန်နဝါရီ ၁၆ ရက်နေ့မှ ၅ လပိုင်းအထိ လက်ရှိ ဖမ်းဆီးရမိတဲ့ တရားမဝင်ပစ္စည်း တန်ဖိုးပေါင်း သိန်း ၅ သောင်းကျော်ရှိပြီဖြစ်ကြောင်း သိရပါတယ်။
သတင်း - နိုင်နိုင်၊ ဓာတ်ပုံ - ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း