ပျက်ကျ Y-8 လေယာဉ်မှ ရုပ်အလောင်းတလောင်း ထပ်မံဆယ်ယူရရှိ
DVB
·
June 10, 2017
ဇွန် ၇ ရက်က ပျက်ကျခဲ့တဲ့ တပ်မတော်ပို့ဆောင်ရေး Y-8 လေယာဉ်မှ ရုပ်အလောင်းတလောင်းကို ဇွန် ၉ ရက်နေ့ ညနေပိုင်းမှာ ထပ်မံဆယ်ယူရရှိခဲ့ပြီး စုစုပေါင်း ၃၂ လောင်း ရှိပြီလို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။
တပ်မတော်မှ စစ်ရေယာဉ်တွေ၊ ကင်းထောက်လေယာဉ်တွေ အပါအဝင် ဒေသခံ ငါးဖမ်းစက်လှေတွေနဲ့ ဆက်လက်ရှာဖွေနေတယ်လို့ ဆိုပါတယ်။
ဆယ်ယူရရှိခဲ့ပြီးဖြစ်တဲ့ ရုပ်အလောင်း ၃၂ လောင်းကို ဆေးဘက်ဆိုင်ရာ စစ်ဆေးတာ၊ သက်ဆိုင်ရာမိသားစုတွေက ကြည့်ရှုစစ်ဆေးတာတွေ ပြုလုပ်ခဲ့ပြီး ရုပ်မည် အတည်ပြုနိုင်တဲ့ ရုပ်အလောင်း ၁၀ လောင်းကို ဇွန် ၉ ရက်က သင်္ဂြိုဟ်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ရုပ်အလောင်း ၉ လောင်းအား ထပ်မံ၍ အမျိုးအမည်ခွဲခြားနိုင်ပြီး ဒီနေ့ထိ ရုပ်အလောင်း ၁၉ လောင်းအား ရုပ်မည် အတည်ပြုနိုင်ခဲ့ပြီဖြစ်ကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။
ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး