မြန်မာကလေးအလုပ်သမားတဦးအား လူကုန်ကူးခဲ့သည့် ထိုင်းနိုင်ငံသားကို ဖမ်းဆီး
DVB
·
June 10, 2017
အသက် ၁၄ နှစ်အရွယ် မြန်မာကလေးအလုပ်သမားတဦးကို နယ်စပ်ကနေ အခကြေးငွေယူပြီး ဘန်ကောက်ကို တရားမ၀င် ခေါ်ဆောင်လာတဲ့ ထိုင်းလူကုန်ကူးအဖွဲ့က ထိုင်းနိုင်ငံသားတဦးကို ထိုင်းရဲတပ်ဖွဲ့က ဇွန်လ ၇ ရက်နေ့က ဖမ်းဆီးနိုင်ခဲ့တယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြထားပါတယ်။
အဲဒီ ကလေးအလုပ်သမားကို ငွေကြေး ထပ်မံပေးပြီး လာရောက်ရွေးဖို့ ဘန်ကောက် ရောက်နေတဲ့ အစ်မဖြစ်သူကို အကြောင်းကြားခဲ့တာပါ။ အစ်မဖြစ်သူက မောင်ဖြစ်သူကို သယ်ဆောင်လာတဲ့ အခကြေးငွေကို ပေးထားပြီး ဖြစ်ကြောင်း ရှင်းပြပေမယ့် လက်မခံဘဲ အစ်မဖြစ်သူကိုပါ ထပ်မံ ဖမ်းဆီးထားကာ ငွေပေးမှ ပြန်လွှတ်ပေးမယ်လို့ ခြိမ်းခြောက် ငွေတောင်းခံခဲ့တာပါ။
အဲဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ အလုပ်သမားအရေး အကူအညီပေးနေတဲ့ ထိုင်းရောက် မြန်မာပြည်ဖွား ဂေါ်ရခါး လူငယ်များအဖွဲ့ကို လာရောက် တိုင်ကြားတာကြောင့် လိုအပ်တဲ့ အချက်အလက် အပြည့်အစုံ သက်သေ ခိုင်ခိုင်မာမာနဲ့ ထိုင်းလူကုန်ကူး နှိမ်နှင်းရေးအဖွဲ့ကို တင်ပြ အကူအညီတောင်းပြီးနောက် စုံစမ်းဖော်ထုတ်နိုင်ခဲ့ကြတာပါ။
သက်ဆိုင်ရာ လူကုန်ကူးမှု တိုက်ဖျက်ရေး ထိုင်းသတင်းထောက် အဖွဲ့တွေနဲ့ ထိုင်းထောက်လှမ်းရေးအဖွဲ့တွေရဲ့ အကူအညီနဲ့ မြန်မာလူကုန်ကူးဂိုဏ်းချုပ်က စေလွှတ်ထားတဲ့ ထိုင်းအမျိုးသားတဦးကို သက်သေ အထောက်အထားနဲ့တကွ ဖမ်းဆီးခဲ့တာပါ။
စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်နေပြီး မြန်မာဘက်က လူကုန်ကူး ဂိုဏ်းချုပ်နဲ့ ပတ်သက်သူတွေကို ထိုင်းအာဏာပိုင်အဖွဲ့က လိုက်လံ ဖမ်းဆီးနေတယ်လို့လည်း သိရပါတယ်။
ဖမ်းခံရသူက အသက် ၃၀ အရွယ် Mr wandee prongkrong ဖြစ်ကာ ကားမောင်းပြီး ဘန်ကောက်ကို ပို့ဆောင်ပေးသူလည်း ဖြစ်ပါတယ်။