Home
မြန်မာသတင်း
ရာသီဥတုပူပြင်းမှုကြောင့် စစ်ကိုင်းတိုင်း အခြေခံပညာကျောင်းအချို့ စာသင်ချိန် ပြောင်းလဲ
Aung Ko Latt
·
June 9, 2017
ရာသီဥတု ပူပြင်းတဲ့အတွက် စာသင်ကြားရေးမှာ အခက်အခဲရှိတာကြောင့် မုံရွာမြို့နယ်က အခြေခံပညာစာသင်ကျောင်းတွေကို ဇွန် ၉ ရက်နေ့က စတင်ကာ တနေကုန် သင်ကြားနေတာကနေ နေ့တဝက် ပြောင်းလဲပြီး သင်ကြားနေပြီ ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းအတွင်းက စာသင်ကျောင်းအားလုံးကို မိမိဒေသရဲ့ ရာသီဥတုအပေါ် မူတည်ပြီး ပြောင်းလဲသင်ကြားကြဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က ညွှန်ကြားချက်တွေ ထုတ်ပြန်ပေးထားပြီးဖြစ်တယ်လို့ သိရပါတယ်။ မုံရွာမြို့၊ လယ်တီရပ်ကွက် အလယ်တန်းကျောင်းအုပ်ကြီး ဦးဌေးလွင်က “မနှစ်ကလည်း အရမ်းပူလို့ ကျောင်းစဖွင့်ကတည်းက အချိန်ပြောင်းလဲခဲ့ရတယ်။ ဒီနှစ်လည်း ကျောင်းဖွင့်စက မိုးရွာလို့ အဲဒီလောက် မပူဘူး။ ခုက စာသင်ချိန် အနှောင့်အယှက်ဖြစ်လောက်အောင် ပူလာတယ်။ ဒါကြောင့် သက်ဆိုင်ရာအဆင့်ဆင့်ကို တင်ပြပြီး ဒီလို ပြောင်းလဲဖို့ ဖြစ်လာတာပါ။ စာသင်ချိန်က မနက် ၇ နာရီကနေ နေ့လယ် ၁၁ နာရီခွဲထိ။ စာသင်ချိန် ပြောင်းလဲလိုက်လို့ ကလေးတွေရဲ့ ပညာသင်ကြားရေးကို အနှောင့်အယှက် မဖြစ်ပါဘူး။ ကျောင်းသားမိဘတွေအနေနဲ့လည်း ကျေနပ်ကြလိမ့်မယ်လို့ ထင်ပါတယ်"လို့  ဒီဗွီဘီကို ပြောပါတယ်။ မုံရွာမြို့နယ်မှာ ထက်၊ လယ်၊ မူ အခြေခံပညာကျောင်းပေါင်း ၁၇၆ ကျောင်းရှိပါတယ်။ “တိုင်းအတွင်းက ကျောင်းတွေအားလုံးကို ကလေးတွေရဲ့ ကျန်းမာရေးကို အဓိကထားပြီး သင်ကြားကြဖို့၊ သင်ကြားချိန် ပြောင်းလဲရင်လည်း သက်ဆိုင်ရာအဆင့်ဆင့်ကို သတင်းပို့ကြဖို့ ညွှန်ကြားထားတယ်။ ရာသီဥတုအေးတဲ့ ဒေသက ကျောင်းတွေကိုတော့ မူလအတိုင်း သင်ကြားဖို့ ညွှန်ကြားထားတယ်။ အဓိကကတော့ ကလေးတွေ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးပါ။ ဒါမှမဟုတ်ရင် ကလေးရော၊ ဆရာ၊ ဆရာမတွေပါ ပင်ပန်းတယ်။ ကျန်းမာရေး ထိခိုက်နိုင်တယ်" လို့ တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းက ဒီဗွီဘီကို ပြောပါတယ်။ ကျောင်းစာသင်ချိန် ပြောင်းလဲလိုက်တဲ့အတွက် ကလေးတွေ အိပ်ရာစောစောထရတာက လွဲရင်တော့ တခြား အခက်အခဲမရှိဘူးလို့ ကျောင်းသားမိဘတွေက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024