တပ်မတော်လေယာဉ်ပျက်ကျမှုအပေါ် ဝမ်းနည်းကြောင်း လွှတ်တော်တွင် ၂ မိနစ်ငြိမ်သက်
နေဖြိုးဝင်း
·
June 9, 2017
တပ်မတော်လေယာဉ်ပျက်ကျမှုအပေါ် ပြည်ထောင်စုလွှတ်တော်မှာ ဝမ်းနည်းကြောင်း အဆိုတင်ပြီး လွှတ်တော်အမတ်တွေက ၂ မိနစ်ငြိမ်သက်ဆုတောင်းပေးခဲ့ကြပါတယ်။
ဇွန် ၉ ရက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မဲဆန္ဒနယ်က ဦးကျော်စိုးလင်းက အဆိုတင်သွင်းပြီး ဒီအဆိုကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ မင်းကင်းမဲဆန္ဒနယ်က ဦးမောင်မြင့်က ထောက်ခံဆွေးနွေးခဲ့ပါတယ်။
နိုင်ငံတော်သမ္မတရုံး အပါအဝင် နိုင်ငံတကာကလည်း ဝမ်းနည်းကြောင်း ထုတ်ပြန်ထားတဲ့အတွက် ပြည်ထောင်စုလွှတ်တော်ကလည်း အချိန်နဲ့တပြေးညီ ထုတ်ပြန်ပေးဖို့ လွှတ်တော်အမတ် ဦးမောင်မြင့်က ထောက်ခံဆွေးနွေးပါတယ်။
“ဒီလိုမျိုး နိုင်ငံတကာကတောင်မှ အချိန်နဲ့တပြေးညီ ထုတ်ပြန်ကြေညာနေတဲ့အချိန်မှာ ပြည်သူ့ရဲ့ ကိုယ်စားလှယ်တွေဖြစ်တဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ နောက်ကျနေလို့ မဖြစ်ပါဘူး။ ဒါကြောင့် ဒီကိစ္စအပေါ်မှာ ဝမ်းနည်းကြောင်း ဆိုတာလေးကို အချိန်နဲ့ တပြေးညီ ထုတ်ပြန်ပေးနိုင်ဖို့အတွက် ထောက်ခံအပ်ပါတယ်” လို့ ဆိုပါတယ်။
အဆိုတင်သွင်းပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံးက ၂ မိနစ်ကြာ မတ်တပ်ရပ်ပြီး ဝမ်းနည်းကြောင်းပြသ ငြိမ်သက်ဆုတောင်းခဲ့ကြပါတယ်။