Y-8 လေယာဉ်မှ ရုပ်အလောင်းများအား ထားဝယ် တပ်မတော်ဆေးရုံသို့ ပို့ဆောင်
DVB
·
June 9, 2017
ပျက်ကျသွားတဲ့ တပ်မတော်ပို့ဆောင်ရေး Y-8 လေယာဉ်ကနေ ပင်လယ်ပြင်မှာ ရှာဖွေတွေ့ရှိတဲ့ ရုပ်အလောင်းတွေကို ဆယ်ယူပြီး ထားဝယ်မြို့ရှိ တပ်မတော် ဆေးရုံကို ပို့ဆောင်နေတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။
ကျောက်နီမော်ကျေးရွာ အနောက်ဘက် ၁၄ မိုင်ခန့်၊ လောင်းလုံမြို့ရဲ့ အနောက်တောင်ဘက် ၂၂ မိုင်ခန့်အကွာ ပင်လယ်ပြင်မှာ Y-8 လေယာဉ် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းဆောင်ရွက်နေရာမှာ မနေ့ည ၇ နာရီအထိ အမျိုးသားရုပ်အလောင်း ၂ လောင်း၊ အမျိုးသမီး ရုပ်အလောင်း ၂၁ လောင်း၊ ကလေးရုပ်အလောင်း ၈ လောင်း စုစုပေါင်း ရုပ်အလောင်း ၃၁ လောင်း ရှာဖွေတွေ့ရှိထားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် Y-8 လေယာဉ် လေယာဉ်ဘီး ၁ လုံး၊ အသက်ကယ်အင်္ကျီတွေနဲ့ ပစ္စည်းထည့်တဲ့ အိတ်အချို့ကိုလည်း ဆယ်ယူရရှိထားပါတယ်။
ဆယ်ယူရရှိတဲ့ ရုပ်အလောင်း ၂၉ လောင်းကို လောင်းလုံမြို့နယ် စန်းလန်းကျေးရွာသို့ တပ်မတော်စစ်ရေယာဉ်နဲ့ ပို့ဆောင်ခဲ့ပြီး မော်တော်ယာဉ်တွေနဲ့ ထားဝယ်မြို့ရှိ တပ်မတော်ဆေးရုံကို ဆက်လက်ပို့ဆောင်ကာ လိုအပ်တဲ့ ဆေးဘက်ဆိုင်ရာ စစ်ဆေးမှုတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး