သံမဏိနှင်းဆီဂျာနယ် ထုတ်ဝေသူ အသတ်ခံရမှု ပထမဆုံးအကြိမ် စစ်ဆေး
ပြည့်ဘုန်းအောင်
·
June 8, 2017
ပုဇွန်တောင်မြို့နယ်က သံမဏိနှင်းဆီ ဂျာနယ်တိုက်ရုံးခန်းမှာ ဂျာနယ်ထုတ်ဝေသူ ကိုဝေယံဟိန်း ဓားဖြင့်ဆင့်ထိုး အသတ်ခံရမှုမှာ သေဆုံးသူရဲ့ဖခင် တရားလို ဖြစ်သူ ဦးစိန်အုပ်ကို ဒီကနေ့ ဇွန်လ ၈ ရက်နေ့က အရှေ့ ပိုင်းခရိုင်တရားရုံးမှာ ပထမဦးဆုံးအကြိမ် စစ်ဆေးခဲ့ပါတယ်။
ဒီနေ့ရုံးချိန်းမှာတော့ ကျူးလွန်သူလို့ စွပ်စွဲခံရသူ ကိုအောင်ကိုကိုရဲ့ရှေ့နေက သေဆုံးသူရဲ့ ဖခင် တရားလို ဦးစိန်အုပ် သံမဏီနှင်းဆီဂျာနယ်မှာ ‘မာယာထောင်ချောက်လား’ ခေါင်းစဉ်နဲ့ ရေးသားခဲ့တဲ့ ဆောင်းပါးကို ရုံးတော်ကို သက်သေအဖြစ် တင်သွင်းခဲ့ပါတယ်။
ဒီဆောင်းပါးကိုတော့ တရားလိုရဲ့ သက်သေဖြစ်သူ တရားလွှတ်တော်ရှေ့နေက ပြန်လည်ကန့်ကွက်ခဲ့တာကြောင့် လက်ခံသင့်၊ မသင့် လျှောက်လဲချက်ကို ကြားနာဖို့ တရားသူကြီးက ပြန်လည်ချိန်းဆိုခဲ့ပါတယ်။
ပုဇွန်တောင်မြို့နယ်က သံမဏိနှင်းဆီ ဂျာနယ်တိုက် ရုံးခန်းမှာ ဂျာနယ်ထုတ်ဝေသူ ကိုဝေယံဟိန်း ဓားနဲ့ ဆင့်ထိုးအသတ်ခံရမှုမှာ ဖမ်းဆီးထားတဲ့ ၃ ဦးကို သေဆုံးသူရဲ့ ဖခင်က တရားလိုပြု တိုင်ကြားထားတာပါ။
ဒီအမှုမှာ မင်္ဂလာတောင်ညွန့်မြို့နယ်မှာ နေထိုင်တဲ့ အောင်ကိုကိုနဲ့ ၎င်းရဲ့ဇနီးဖြစ်သူ မအယ်နီ (ခ) မရိုစီနဲ့ ပြစ်မှုကျူးလွန်ရာမှာ ပါဝင်ခဲ့တယ်လို့ဆိုတဲ့ တာမွေမြို့နယ်တွင် နေထိုင်သူ ပြည့်သူနိုင် (ခ) ဘုရားပွဲ (ခ) ဖြိုးသော်တို့ကို တရားရုံးအမှုအမှတ် ၁၂၆/၁၂၇ ရာဇသတ်ကြီးပုဒ်မတွေ ဖြစ်တဲ့ ပုဒ်မ ၃၀၂၊ ပုဒ်မ ၃၄၊ ပုဒ်မ ၂၀၁၊ ပုဒ်မ၂၀၂ တို့နဲ့ အရှေ့ပိုင်းခရိုင်တရားရုံးမှာ တရားစွဲဆိုခဲ့တာပါ။
လူသတ်မှု စွပ်စွဲခံရတဲ့ အသက် ၃၁ နှစ်အရွယ် နိုင်ငံခြားသင်္ဘောသား အောင်ကိုကိုမှာ ၎င်းရဲ့ဇနီးနဲ့ လူမှုရေး ဖောက်ပြန်နေတယ်ဆိုတဲ့ ကိုဝေယံဟိန်းကို သတ်ပြီးနောက် ဇနီးနဲ့ ၄ နှစ်အရွယ် သားဖြစ်သူကို ခေါ်ဆောင်ပြီး ပြင်ဦးလွင်မြို့နယ်ကို ထွက်ပြေးတိမ်းရှောင်ခဲ့စဉ် ဧပြီလ ၁၉ ရက် ညနေပိုင်းက ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။