Home
မြန်မာသတင်း
တပ်မတော်လေယာဉ်ပျက်ကျမှုနှင့်ပတ်သက်ပြီး ဝမ်းနည်းကြောင်း သမ္မတရုံးကြေညာ
DVB
·
June 8, 2017
တပ်မတော်သယ်ယူပို့ဆောင်ရေးလေယာဉ် မတော်တဆမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး သေဆုံး ပျောက်ဆုံးနေသူတွေရဲ့ မိသားစု၊ ဆွေမျိုး၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ထပ်တူထပ်မျှ ပူပန်ဝမ်းနည်းကြေကွဲရပါကြောင်း နိုင်ငံတော်သမ္မတရုံးက ဒီကနေ့ ကြေညာပါတယ်။ တပ်မတော်လေယာဉ်ကို ရှာဖွေကယ်ဆယ်ရေးနဲ့ ကူညီထောက်ပံ့မှုတွေ ဆက်လက် ဆောင်ရွက်သွားမယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။ ပျောက်ဆုံးသွားခဲ့တဲ့ တပ်မတော်ပို့ဆောင်ရေး Y-8 လေယာဉ်ရဲ့ အစိတ်အပိုင်းတချို့နဲ့  ရုပ်အလောင်း ၁၀ လောင်းကို ဒီကနေ့မနက်က တွေ့ရှိထားပြီဖြစ်တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ထားပါတယ်။ ကျောက်နီမော်ကျေးရွာရဲ့ အနောက်ဘက် ၁၄ မိုင်၊ လောင်းလုံမြိုရဲ့ အနောက်တောင်ဘက် ၂၂ မိုင် ပင်လယ်ပြင်မှာ လေယာဉ်ဘီးလို့ ယူဆရတဲ့ တာယာကွင်းတခု၊ အမျိုးသားရုပ်အလောင်းတလောင်း၊ အမျိုးသမီးရုပ်အလောင်းတလောင်း၊ ကလေးရုပ်အလောင်းတလောင်း၊ အသက်ကယ်အင်္ကျီ ၂ ထည်နဲ့ အဝတ်အစားထည့်တဲ့ အိတ်တချို့ကို မနက် ၈ နာရီလောက်မှာ ကနဦး ရှာဖွေတွေ့ရှိခဲ့တာပါ။ မနက် ၁၁ နာရီလောက်မှာတော့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း ဝိုင်းဝန်းကူညီ လုပ်ဆောင်ပေးနေတဲ့ ဒေသခံ ငါးဖမ်းစက်လှေတွေကလည်း ရုပ်အလောင်း ၇ လောင်းကို ဆယ်ယူရရှိပြီး တပ်မတော်စစ်ရေယာဉ်များထံ လာရောက်ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိအချိန်ထိ အမျိုးသားရုပ်အလောင်း ၁ လောင်း၊ အမျိုးသမီးရုပ်အလောင်း ၅ လောင်းနဲ့ ကလေးရုပ်အလောင်း ၄ လောင်း စုစုပေါင်း ရုပ်အလောင်း ၁၀ လောင်း ရှာဖွေတွေ့ရှိထားတယ်လို့  တပ်မတော်သတင်းအရ သိရပါတယ်။ ထို့အတူ တပ်မတော်(လေ)က ကင်းထောက်လေယာဉ်တစီးကလည်း ထားဝယ်မြို့ အနောက်တောင်ဘက် ရေမိုင် ၁၆ မိုင်ခန့်အကွာ ပင်လယ်ပြင်မှာ လေယာဉ်ဆီကွက်တွေ တွေ့ရှိရလို့  တပ်မတော်(ရေ)က စစ်ရေယာဉ်တွေ သွားရောက်ရှာဖွေနေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024