ကနေဒါဝန်ကြီးချုပ် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံ၊ မြန်မာကို ဒေါ်လာ ၈.၈ သန်းပေးအပ်

802
ကနေဒါနိုင်ငံမှာ တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိနေတဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ကနေဒါနိုင်ငံဝန်ကြီးချုပ် ဂျပ်စတင်ထရူးဒိုးနဲ့ ဇွန်လ ၇ ရက်ညနေက အော်တ၀ါမြို့မှာ တွေ့ဆုံခဲ့ပါတယ်။
တွေ့ဆုံရာမှာ နှစ်နိုင်ငံဆက်ဆံရေးမြှင့်တင်သွားရေး၊ ကောင်းမွန်တဲ့စီမံအုပ်ချုပ်ရေး၊ အမျိုးသမီးနဲ့လူငယ်အခန်းကဏ္ဍမြှင့်တင်ရေး၊ စီးပွားရေး ပူးပေါင်းဆောင် ရွက်ရေး၊ ခေတ်မီစိုက်ပျိုးရေး နည်းပညာများပံ့ပိုးပေးရေး၊ လူသားချင်းစာနာမှုအကူအညီများပေးအပ်ရေးကိစ္စ တွေဆွေးနွေးခဲ့ကြတယ်လို့ မြန်မာနိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။
ဒါ့အပြင် မြန်မာအစိုးရ အကောင်အထည် ဖော်ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ်တွေအပြင် ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပူးပေါင်းဆောင်ရွက်မယ့် နည်းလမ်းတွေ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
တွေ့ဆုံမှုအပြီးမှာ ကနေဒါနိုင်ငံက မြန်မာပြည် တည်ငြိမ်အေးချမ်းမှု မြှင့်တင်ရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာကိစ္စတွေအတွက် အမေရိကန်ဒေါ်လာ ၈.၈ သန်းပေး အပ်သွားမယ်လို့ ကြေညာခဲ့ပါတယ်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ခရီးစဉ် အတွင်း ကနေဒါနိုင်ငံခြားရေးဝန်ကြီး၊ ကနေဒါနိုင်ငံ အောက်လွှတ်တော်နဲ့ အထက်လွှတ်တော် ဥက္ကဋ္ဌတွေနဲ့လည်း သီးခြားတွေ့ဆုံခဲ့ ပါတယ်။
တွေ့ဆုံရာမှာ ကနေဒါနိုင်ငံမှာ ကျင့်သုံးနေတဲ့ ဖက်ဒရယ်စနစ်အတွေ့အကြုံတွေကို ဆွေးနွေးခဲ့သလို နှစ်နိုင်ငံအကြား ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးနဲ့ နိုင်ငံဝန်ထမ်းတွေ စွမ်းဆောင်ရည်မြှင့်တင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ဖို့ ကိစ္စတွေအပြင် မြန်မာပြည် ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ နိုင်ငံခြားရေးဌာနက ဆိုပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ အော်တာဝါမြို့မှာ ကနေဒါနိုင်ငံရောက် မြန်မာနိုင်ငံသားတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။