Homeမြန်မာသတင်း
နှစ် ၆၀ ခန့် နေထိုင်ခဲ့သည့်သူတွေကို ကျူးကျော်ဟု သတ်မှတ်မှုကြောင့် အငြင်းပွားမှုဖြစ်ပွား
နှစ် ၆၀ ခန့် နေထိုင်ခဲ့သည့်သူတွေကို ကျူးကျော်ဟု သတ်မှတ်မှုကြောင့် အငြင်းပွားမှုဖြစ်ပွား
ပြည့်ဘုန်းအောင်
·
June 7, 2017
ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ဆရာစံမြောက်ရပ်ကွက် အနောက်မြို့ပတ်လမ်းမှာ နှစ် ၆၀ နီးပါး နေထိုင်ခဲ့တဲ့ အိမ်ခြေ ၁၀၀ ကျော်ကို မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက ကျူးကျော်အဖြစ် သတ်မှတ်ခဲ့တဲ့အတွက် ရပ်ကွက်ကလူတွေနဲ့ အုပ်ချုပ်ရေးမှူးရုံးက လူတွေ ဇွန်လ ၆ ရက်နေ့က အငြင်းပွားမှု ဖြစ်ပွားခဲ့ပါတယ်။
“ကျမတို့က ဒီမှာ နေလာတာ နှစ် ၂၀ ကျော် ရှိနေပြီ။ ဒီမြေက ကျမတို့ ဘိုးဘွားတွေ လက်ထက်ကတည်းက နေလာကြတာ။ ဂရန်ရှိတဲ့သူတွေ ရှိသလို၊ မရှိတဲ့သူတွေလည်း မရှိကြဘူး။ ဒါပေမယ့် လစဉ် လတိုင်းက သတ်မှတ်ထားတဲ့ ရေခွန်၊ မီးခွန်ကအစ ပေးရတယ်။ အဲဒါကို အခုမှ ကျူးကျော်လို့ သတ်မှတ်တာတော့ မဖြစ်သင့်ဘူး” လို့ အဆိုပါ ရပ်ကွက်မှာ နေထိုင်တဲ့ မရွှေရည်က ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၅ ရက်နေ့က မြို့နယ် အုပ်ချုပ်ရေးတာဝန်ရှိသူတွေနဲ့ ရပ်ကွက် အုပ်ချုပ်ရေးတို့က ကျူးကျော်လို့ သတ်မှတ်တဲ့ သက်သေခံစာရွက်တွေကို ရပ်ကွက်ထဲက အိမ်တွေကို လိုက်လံဝေငှခဲ့ပါတယ်။
“အခုလို သတ်မှတ်တာက အထက်က ညွန်ကြားချက်အရ လုပ်ရတာပါ။ ကျန်တဲ့ လုပ်ဆောင်ချက် အပိုင်းတွေကတော့ ကျနော်တို့လည်း မသိဘူး” လို့ ဗဟန်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံးက တာဝန်ရှိသူတဦးက ဆိုပါတယ်။
ကျူးကျော်လို့ သတ်မှတ်ခံခဲ့ရတဲ့ အိမ်တွေကို လာမယ့် ဇွန်လ ၁၂ ရက်နေ့မှာ စာရင်း စတင်ကောက်ခံမှာပါ။