Home
မြန်မာသတင်း
သူနာပြုလောက ပြုပြင်ပြောင်းလဲရန် ပြည်သူ့လွှတ်တော်တွင် အဆိုတင်သွင်း
အောင်ဆန်းဦး
·
June 7, 2017
ပြည်သူ့ကျန်းမာရေးအတွက် အဓိကကျတဲ့ သူနာပြုလောကကို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ပြီး နိုင်ငံတော်ရဲ့ ကျန်းမာရေးကဏ္ဍကို မြှင့်တင်ဖို့ အစိုးရကို တိုက်တွန်းကြောင်း ဒီနေ့ ပြည်သူ့လွှတ်တော်မှာ ဂန့်ဂေါမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က အဆိုတင်သွင်းခဲ့ပါတယ်။ အဲဒီအဆိုနဲ့ပတ်သက်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဒေါ်အေးမြမြမျိုးက လက်ရှိဖွဲ့စည်းထားတဲ့ သူနာပြုနဲ့ သားဖွားကောင်စီဟာ သူနာပြုလောကရဲ့ လိုအပ်ချက်တွေကို အမှန်တကယ် ဖြည့်ဆည်းပေးဖို့ အားနည်းတဲ့အတွက် သူနာပြုနဲ့ သားဖွားကောင်စီကို ဒီမိုကရေစီ နည်းလမ်းကျကျ အသစ်ပြန်လည်ဖွဲ့စည်းပေးဖို့ အဆိုကို ထောက်ခံဆွေးနွေးရင်း တင်ပြတောင်းဆိုခဲ့တာပါ။ “သူနာပြုကောင်စီရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုအပိုင်းပါ။ ဒီမိုကရေစီနည်းလမ်းကျစွာဖြင့် ပိုမိုအားကောင်းသော တာဝန်ယူမှု၊ တာဝန်ခံမှု ပြည့်ဝသော သူနာပြုနဲ့ သားဖွားတို့ရဲ့ အခွင့်အရေးကို ကာကွယ်ပေးမယ့် သူနာပြုနဲ့ သားဖွားကောင်စီကို အသစ်ပြန်လည်ပြင်ဆင်ဖွဲ့စည်းပြီး လက်ရှိ ဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို ဖြေရှင်းပြီး ပြည်သူလူထု ကျန်းမာရေးအတွက် အဓိကကျတဲ့ သူနာပြုများရဲ့ အခန်းကဏ္ဍကို ပြုပြင်ပြောင်းလဲပေးနိုင်ပါရန်အတွက် ဒေါ်ယဉ်မင်းလှိုင် တင်သွင်းတဲ့ အဆိုကို ပြည်သူ့လွှတ်တော်မှာ လက်ခံဆွေးနွေးပေးပါရန် ထောက်ခံတင်ပြအပ်ပါတယ်။” လက်ရှိအချိန်မှာတော့ သူနာပြုနဲ့ သားဖွားဝန်ထမ်းတွေအနေနဲ့ ရာထူးတိုးမြှင့် ခံစားနိုင်မယ့် အခွင့်အရေး နည်းပါးတဲ့ အခြေအနေမှာ ရှိနေတဲ့အပြင် ကျန်းမာရေးလောကသား အချင်းချင်းကပင် ဖိနှိပ်ချုပ်ချယ်မှုတွေ ရှိနေတယ်လို့ သူနာပြုလောကသားတွေက ဆိုပါတယ်။ “လက်ရှိဖွဲ့စည်းထားတဲ့ သူနာပြုနဲ့ သားဖွားကောင်စီက ကျမတို့ သူနာပြု လောကသားတွေအပေါ် သက်ရောက်နေတဲ့ ဖိနှိပ်ချုပ်ချယ်တာတွေ၊ လောကတူတွေက အချင်းချင်း ဖိနှိပ်တာတွေကိုလည်း အကာအကွယ်မပေးနိုင်ဘူး။ အဲအတွက် ဒီသူနာပြုနဲ့ သားဖွားကောင်စီကို အသစ်ပြန်ဖွဲ့တာ ဖြစ်သင့်ပါတယ်။ အစောကြီးကတည်းက ဖြစ်သင့်တာ”လို့ သူနာပြုတဦးဖြစ်တဲ့ ဒေါ်အေမီက ပြောပါတယ်။ ပြည်သူ့ကျန်းမာရေးအတွက် သူနာပြုလောကကို ပြုပြင်ပြောင်းလဲပြီး နိုင်ငံတော်ရဲ့ ကျန်းမာရေးကဏ္ဍကို မြှင့်တင်ဖို့ အစိုးရကို တိုက်တွန်းတဲ့ အဆိုတင်သွင်းတာဟာ ကျန်းမာရေးကဏ္ဍအတွက် ကောင်းမွန်တဲ့အဆို ဖြစ်တာကြောင့် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနအနေနဲ့လည်း အမြန်ဆုံး အကောင်အထည်ဖော်နိုင်အောင် ကူညီသွားမယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024