Home
မြန်မာသတင်း
နယ်စပ်ဒေသအားလုံးတွင် စက်မှုဇုန်များ တည်ထောင်ရန် အကြံပြု
နေဖြိုးဝင်း
·
June 7, 2017
နယ်စပ်ဒေသတိုင်းမှာ စက်မှုဇုန်တွေလုပ်ဖို့ အကြံပြုထားတယ်လို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးတိုးတက်ရေးအသင်းဥက္ကဋ္ဌ ဦးခင်မောင်အေးက နေပြည်တော်မှာ ကျင်းပတဲ့  မြန်မာရင်းနှီးမြှုပ်မှုဖိုရမ် နောက်ဆုံးနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ အခုလို စက်မှုဇုန်တွေ ထူထောင်နိုင်ရင် ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါလာမှာ ဖြစ်သလို မြန်မာ့ရင်းနှီးမြှုပ်နှံမှုဥပဒေကလည်း ပြည်ပရင်းနှီးမြှုပ်နှံသူတွေအတွက် အခွင့်အရေးတွေ ပေးထားတယ်လို့ ဦးခင်မောင်အေးက ပြောပါတယ်။ “အဲလိုတွေ လုပ်ခြင်းအားဖြင့် ဘာဖြစ်လဲဆို စီးပွားရေးခံတပ်ကြီးတွေလည်း ဖြစ်သွားတာပေါ့။ ပြီးတော့ သူတို့တွေ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းတွေ ဒီထဲမှာ လာလုပ်လို့လည်း ရတယ်။ မြန်မာနိုင်ငံရဲ့ Investment Law ကိုလည်း ခံစားရမှာ။ မြန်မာနိုင်ငံမှာ အခုအချိန်မှာ အလုပ်အကိုင် အခွင့်အလမ်းတွေက ဖွံ့ဖြိုးဖို့လည်း လိုနေတယ်။” ရင်းနှီးမြှုပ်နှံဖို့အတွက် ဥပဒေတွေ ဘယ်လောက်ကောင်းကောင်း၊ အခွင့်အရေးတွေ ဘယ်လောက်ပေးပေး မြန်မာနိုင်ငံရဲ့ အနေအထားက အခြေခံအဆောက်အဦပိုင်းမှာ အားနည်းနေသေးတယ်လို့လည်း ပြောပါတယ်။ “အခြေခံအဆောက်အဦပိုင်း အားနည်းနေတဲ့အခါကျတော့ မီးလိုချင်တယ်၊ အခု စက်ရုံလာတည်ချင်တယ်၊ စက်မှုဇုန်တွေ လာတည်ချင်တယ်။ မီးမကောင်းဘူး။ သယ်ယူပို့ဆောင်ရေးလမ်းတွေ မလုပ်နိုင်တော့ ကုန်စည်စီးဆင်းမှုတွေ နောက်ကျတယ်။ အခြေခံအဆောက်အအုံတွေက အရမ်းအရေးကြီးတဲ့အတွက် ဒီအခြေခံအဆောက်အအုံ လိုအပ်ချက်တွေကိုလည်း လာပြီး ရင်းနှီးမြှုပ်နှံပါလို့ ခေါ်နေရတာပေါ့။ ဒါကြောင့် အခွင့်အရေးတွေ ဘယ်လောက်ကောင်းကောင်း၊ အခြေခံအဆောက်အဦတွေ ကောင်းဖို့ ငွေတို့ နည်းပညာတို့လည်းပဲ စီးဝင်လာဖို့ လိုပါတယ်” လို့ စီဘီဘဏ်ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးခင်မောင်အေးက ပြောပါတယ်။ ဒီလို စက်မှုဇုန်တွေ ပေါ်လာဖို့ ကြိုးစားနေမှာ ဖြစ်သလို အစိုးရကိုလည်း တိုက်တွန်းနေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024