တပ်မတော်ယာဉ်တန်း အဝေးထိန်းစနစ်ဖြင့် မိုင်းခွဲတိုက်ခိုက်ခံရ
DVB
·
June 7, 2017
ရှမ်းပြည်နယ်မြောက်ပိုင်း ကြုကုတ်မြို့အနားမှာ တပ်မတော် ယာဉ်တန်းတခု အဝေးထိန်းစနစ်နဲ့ မိုင်းခွဲ တိုက်ခိုက်ခံခဲ့ရတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။
ဇွန် ၆ ရက်ည ၁၂ နာရီ ၄၀ မိနစ်ခန့်က ကြူကုတ်မြို့အရှေ့ဘက် မီတာ ၂၃၀၀ ခန့်အကွာရှိ နမ့်ဟူးရွာအနီးမှာ ပုံမှန်အုပ်ချုပ်မှုလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ တပ်မတော်ယာဉ်တန်းကို လမ်းညာဘက် ပေ ၅၀ ခန့်အကွာကနေ အဝေးထိန်းစနစ်နဲ့ မိုင်း ၂ လုံးဖောက်ခွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
မိုင်းခွဲတိုက်ခိုက်မှုကြောင့် လူတွေ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ မော်တော်ယာဉ်တစီး ရှေ့လေကာမှန်မိုင်းစထိမှန် ပျက်စီးခဲ့တယ်လို့ သတင်းမှာဖော်ပြပါတယ်။
အလားတူ ဇွန် ၆ ရက် ည ၁၀ နာရီလောက်ကလည်း ကြူကုတ်မြို့၏ တောင်ဘက်မှာ လုံခြုံရေးပူးပေါင်းအဖွဲ့တွေက စစ်ဆေးဆောင်ရွက်စဉ် အမျိုးသား ၂ ဦး အရှိန်ပြင်းထန်စွာ မောင်းနှင်လာတဲ့ မော်တော်ဆိုင်ကယ်ကို စစ်ဆေးဖို့ ရပ်တန့်စေရာ ရပ်တန့်ခြင်းမရှိဘဲ စစ်ဆေးတဲ့ တပ်မတော်သားတဦးကို ပွတ်တိုက်ထွက်ပြေးလို့ လက်နက်ငယ်နဲ့ ခြောက်လှန့် ပစ်ခတ်ဖမ်းဆီးခဲ့ရတယ်လို့ ဆိုပါတယ်။
ပစ်ခတ်မှုကြောင့် မော်တော်ဆိုင်ကယ်နောက်မှာ လိုက်ပါလာတဲ့ အမျိုးသားတဦး ကျည်ထိမှန်ဒဏ်ရာနဲ့ သေဆုံးခဲ့ပြီး ကျန်အမျိုးသားတဦးကတော့ မော်တော်ဆိုင်ကယ်ကို ထားပြီး ထွက်ပြေးသွားတယ်လို့သိရပါတယ်။
အဆိုပါ သေဆုံးသူထံမှ ကင်တိုဓားရှည်တချောင်းကိုတွေ့ရှိရပြီး ဆိုင်ကယ်တူးဘောက် အတွင်းမှ လက်ပစ်ဗုံး ၃ လုံးနဲ့ နင်းမိုင်းအသေး ၃ လုံးတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး သတင်းမှာ ဖော်ပြပါတယ်။
ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး