ကလေးတိုင်း ကျောင်းတက်နိုင်ရေး တောင်းဆိုမှု Save the Children ပြုလုပ်
ပိုင်စိုး
·
June 7, 2017
ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်နိုင်ရေး လက်မှတ်ရေးထိုး တောင်းဆိုတဲ့ လှုပ်ရှားမှုတခုကို ကလေးတွေအတွက် ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတခုဖြစ်တဲ့ Save the Children က ပြုလုပ်နေပါတယ်။
မြန်မာနိုင်ငံက ကလေးတော်တော်များများဟာ ပညာရေးကို လက်လွှတ်ဆုံးရှုံးနေကြရပြီး စုစုပေါင်း ကလေးတွေရဲ့ ၂၉ ရာခိုင်နှုန်းကျော်ဟာ ကျောင်းတက်ခွင့် မရကြဘူးလို့ Save the Children က သိရပါတယ်။
ကျောင်းတက်နိုင်ရေး လှုပ်ရှားမှုအတွက် အွန်လိုင်းကတဆင့် လက်မှတ်တွေ ကောက်ခံနေတာဖြစ်ပြီး ဒီလက်မှတ်တွေကို လာမယ့်နှစ်ကုန်ပိုင်းမှာ ပြုလုပ်မယ့် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ခေါင်းဆောင်တွေကို ပေးအပ်သွားမယ်လို့ Save the Children ရဲ့ မြန်မာနိုင်ငံရုံးက ဆိုပါတယ်။
ပြီးတော့ ဒီလှုပ်ရှားမှုကနေ ကလေးတွေအတွက် နိုင်ငံ့ဘတ်ဂျက်တွေ ပိုသုံးဖို့၊ အခြေခံ ဝန်ဆောင်မှုတွေအတွက် ငွေကြေးမကုန်ကျစေဖို့၊ ကလေးတွေ အားလုံးအတွက် သေချာတဲ့ ဘဏ္ဍာရေး အာမခံချက်၊ ဆုံးဖြတ်ချက်တွေ ချမှတ်ရာမှာ ကလေးတွေလည်း ပါဝင်လာစေဖို့ စတာတွေကိုလည်း တောင်းဆိုသွားမှာ ဖြစ်ပါတယ်။
ဒီလှုပ်ရှားမှုမှာ ပါဝင်ချင်တယ် ဆိုရင်တော့ https://act.savethechildren.net/asia/end-childhood-asia/end-childhood-asia/ မှာ ဝင်ရောက် စာရင်းပေးနိုင်ပါတယ်။