Home
မြန်မာသတင်း
ကလေးမြို့ ဗိုလ်ချုပ်လမ်းမပေါ် ခရီးသွားသူကို လူငယ် ၅ ဦးက ဓားကိုင်ရမ်းကားမှု ဖြစ်ပွား
DVB
·
June 7, 2017
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့၊ ဗိုလ်ချုပ်လမ်း၊ တံတားဦးအနောက်ခြမ်းမှာ ဇွန် ၆ ရက်နေ့ ည ၁၀ နာရီ အချိန်က လမ်းပေါ်သွားလာနေသူ ၂ ဦးကို လူ ၅ ဦးက ဓားကိုင်ရမ်းကားမှု ဖြစ်ပွားခဲ့ပါတယ်။ အဆိုပါလူငယ် ၅ဦးက မော်တော်ဆိုင်ကယ်တွေနဲ့ နောက်က လိုက်လာပြီး နှောက်ယှက်ခဲ့တာလို့  ထွက်ပြေးခဲ့ရသူ နန်ရှင်းစန်က ပြောပါတယ်။ “ကျနော်က သူငယ်ချင်းနဲ့ ဗိုလ်ချုပ်လမ်းပေါ်က မင်းကြီးဟိုတယ်ရှေ့နားက ကွမ်းဆိုင်မှာ ကွမ်းဝယ်စားပြီးအထွက် ဘယ်က ပါလာတာလဲတော့ မသိဘူး။ အနောက်ကို ဆိုင်ကယ် ၂ စီးနဲ့ လူ ၅ ယောက်စီးပြီး လိုက်လာတယ်။ အဲဒီမှာ ကျနော့်ဆိုင်ကယ် အရှိန်မြှင့်လိုက်တာနဲ့ သူတို့က လိုက်မြှင့်ပြီး ဓားပါ ထုတ်တယ်။ အဲဒီမှာ ကျနော့်ဆိုင်ကယ်နောက်ခုံမှာ ပါတဲ့လူက ဓားပါတယ်။ ပြေး ပြေး လို့ ပြောတာနဲ့ မောင်းပြေးတယ်။ သူတို့နဲ့ ရန်ဖြစ်ဖူးတာလည်း မရှိဘူး။ မသိလည်း မသိဘဲ ဒီလို လုပ်တာဆိုတော့ ကျနော် နေရတာ မလုံခြုံတော့ဘူး။ ပြဿနာဖြစ်ဖူးလို့ လိုက်လုပ်တယ် ဆိုတာတော့ လက်ခံပါတယ်” ဆိုင်ကယ်စီး လူ ၅ ယောက်ဟာ နန်ရှင်းစန်တို့ အိမ်အနားထိ လိုက်ခဲ့ပြီး အိမ်အနားရောက်မှ အော်ဟစ် အကူအညီတောင်းတာကြောင့် ရပ်ကွက်လူတချို့က ဝိုင်းထွက်လာပြီး ဖမ်းဆီးခဲ့ရပြီး ဓားကိုင်ထားတဲ့ တယောက်သာ မိခဲ့တာ ဖြစ်တယ်လို့ နန်ရှင်းစန်က ပြောပါတယ်။ “ရပ်ကွက်က လူတွေ ထွက်လာတော့ ဆိုင်ကယ် ၂ စင်းကို လမ်းပေါ်ရပ်ပြီး ထွက်ပြေးတယ်။ အဲဒီမှာ တယောက်မိတော့ ကျန်တဲ့သူတွေပါ ပြောပါမယ်လို့ ပြောတယ်။ ပြီးတော့ ရဲစခန်း ဖုန်းဆက်ပြီး ရဲလက်ထဲ အပ်လိုက်တယ်။ ကျန်တဲ့ ၄ ယောက်က လွတ်သွားတာ ဆိုတော့ ညက တအိမ်လုံး မအိပ်ရဲကြဘူး။ ကြောက်နေကြတယ်” ခရီးသွားသူကို ဓားကိုင်ပြီး နှောင့်ယှက်ခဲ့သူ ၅ ယောက်စလုံးကို  ကလေးမြို့မ ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ပြီး  အဲဒီ ၅ ယောက်ဟာ ၁၈ နှစ်၊ ၁၉ နှစ်နဲ့ ၂၃ နှစ်အရွယ် လူငယ်တွေ ဖြစ်တယ်လို့ ကလေးမြို့မရဲစခန်းက သိရပါတယ်။ အဲဒီအတွက် ဓားကိုင် နှောင့်ယှက်သူတွေကို ကလေးမြို့မရဲတပ်ဖွဲ့က ရာဇသတ်ကြီးပုဒ်မ ၃၀၇/၁၁၄ နဲ့ အမှုဖွင့် ဆောင်ရွက်ထားပြီး နန်ရှင်းစန်ကိုယ်တိုင် တရားလိုပြုထားပါတယ်။ ဓားကိုင် နှောင့်ယှက်မှု ဖြစ်ခဲ့ပေမယ့် နှောင့်ယှက်ခံရသူမှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့တာတော့ မရှိခဲ့ဘူးလို့လည်း သိရပါတယ်။ သတင်း - မင်းရဲစစ်နိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024