Home
မြန်မာသတင်း
အာဆီယံ-ရုရှား သဘာဝဘေးပူးပေါင်းဆောင်ရွက်ရေးစာချုပ်ကို  မြန်မာ လက်မှတ်ထိုးမည်
DVB
·
June 7, 2017
အာဆီယံနိုင်ငံတွေနဲ့ ရုရှားနိုင်ငံတို့အကြား သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ခြင်းနဲ့ တုံ့ပြန်ခြင်းတွေမှာ  ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ်ကို မြန်မာနိုင်ငံက ပါဝင်လက်မှတ်ရေးထိုးဖို့  ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးသဘောတူ ဆုံးဖြတ်လိုက်ပါတယ်။ နိုင်ငံတော်သမ္မတကပေးပို့ထားတဲ့ သဘောတူစာချုပ်လက်မှတ်ထိုးဖို့ကိစ္စကို မနေ့က ပြည်ထောင်စုလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် ၁၂ ဦးလောက်က ဆွေးနွေးအပြီးမှာ  အတည်ပြုဆုံးဖြတ်လိုက်တာပါ။ မြန်မာနိုင်ငံအနေနဲ့ ရေဘေး၊ လေဘေး၊ ငလျင်ဘေးတွေကို နှစ်စဉ် ကြုံတွေ့နေရတဲ့အတွက် အကျပ်အတည်းတွေ့တဲ့ တိုင်းပြည်အဖြစ် ကမ္ဘာ့အဆင့်သတ်မှတ်ချက် အဆင့် ၉ မှာရှိတာကြောင့် သဘောဝဘေးပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်နေတဲ့ တိုင်းပြည်ဖြစ်တယ်လို့ ပါဝင်လက်မှတ်ထိုးဖို့ ထောက်ခံ ဆွေးနွေးခဲ့တဲ့ ရေကြည်အမတ် ဒေါက်တာစံရွှေဝင်းက ပြောပါတယ်။ စမ်းချောင်းအမတ် ဦးဘိုဘိုဦးကလည်း အာဆီယံ-ရှရှားအကြား ရင့်သန်လာတဲ့ ဆက်ဆံရေးနဲ့အတူ ဒီစာချုပ်ဟာ နိုင်ငံရေး၊ လုံခြုံရေး၊ ပညာရေး၊ စီးပွားရေး၊ ဖွံ့ဖြိုးရေး စတဲ့ သဘောတူချက်တွေရဲ့ နောက်ဆက်တွဲ သဘောတူညီချက် ဖြစ်တယ်။ သတင်းအချက်အလက် ဖလှယ်ရေးအတွက်လည်း အရေးကြီးသလို နိုင်ငံတွေအတွက်သာမက လူ့အသိုင်းအဝိုင်း တခုလုံးအတွက် အကျိုးရှိတဲ့ အချက်အလက်တွေ စာချုပ်မှာ ပါဝင်နေတယ်လို့ ဆွေးနွေးသွား ပါတယ်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကတော့ မြန်မာနိုင်ငံဟာ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှု ဖြစ်စဉ်ကြောင့်ရော ပြည်တွင်းမှာရှိတဲ့ ဂေဟစနစ်တွေ ပြောင်းလဲမှုကြောင့်ပါ သဘာဝဘေး ပုံမှန်ကျရောက်နေတဲ့ နိုင်ငံဖြစ်နေတဲ့အပြင် လူလုပ်တဲ့ ဘေးအမျိုးမျိုးပါ ကျရောက်နေတဲ့ နိုင်ငံဖြစ်လို့ စာချုပ်မှာ လက်မှတ်ရေးထိုးနိုင်ရေး လွှတ်တော်က အတည်ပြုပေးဖို့ ပြောကြားသွားပါတယ်။ အလားတူ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားတဲ့ အာရှဒေသ သစ်တောပူးပေါင်း ဆောင်ရွက်မှုအဖွဲ့  AFoCO တည်ထောင်ခြင်းဆိုင်ရာ သဘောတူညီချက်မှာလည်း မြန်မာနိုင်ငံ ပါဝင်လက်မှတ်ထိုးဖို့ ကိစ္စကိုလည်း ပြည်ထောင်စုလွှတ်တော်မှာ လွှတ်တော်အမတ်တွေက သဘောတူ ဆုံးဖြတ်လိုက်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ စာချုပ်မှာ ပါဝင်လက်မှတ်ထိုးပါက သစ်တောလုပ်ငန်းနဲ့ပတ်သက်ပြီး နည်းပညာသစ်တွေ၊ မူဝါဒတွေ၊ သုတေသနနဲ့ အတွေ့အကြုံတွေ ဖလှယ်နိုင်မှာ ဖြစ်သလို စီမံကိန်းလုပ်ငန်းတွေအတွက် မြန်မာနိုင်ငံက ၁ ရာခိုင်နှုန်းသာ ထည့်ဝင်ရမှာဖြစ်ပြီး ပြန်ရမယ့် အကျိုးကျေးဇူးက ပိုများမယ်လို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက လွှတ်တော်မှာ ပြောပါတယ်။ ဒါ့အပြင် AFoCO အဖွဲ့ဝင်အဖြစ် ဝင်ရောက်နိုင်ခြင်းအားဖြင့် အာဆီယံ-ကိုရီးယား သစ်တောကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု ဒေသအဆင့် လေ့ကျင့်ပညာပေးသင်တန်းကျောင်းနဲ့  အာရှသစ်တော ပူးပေါင်းဆောင်ရွက်မှု ဒေသအဆင့် လေ့ကျင့်ပညာပေးသင်တန်းကျောင်း စီမံကိန်းတွေအတွက် အထောက်အပံ့တွေ ဆက်ရနိုင်တယ်လို့လည်း ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024