သံတွဲမြို့မဈေး မီးလောင်
အေးနိုင်
·
February 12, 2012
ရခိုင်ပြည်နယ် သံတွဲမြို့မဈေးကြီး မနေ့မနက်က မီးလောင်ကျွမ်းမှုကြောင့် ဈေးသည်တွေကို ရဲစခန်းအနီးက ဘောလုံးကွင်းဟောင်းတခုမှာ ယာယီနေရာ ချထားပေးတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မီးလောင်ပြင်ဈေးနားကို အခုအခါမှာ ကုမ္ပဏီတွေက မြေတူးစက်နဲ့ ရှင်းနေပြီး ဈေးသစ်ပြန်ဆောက်တဲ့အခါ လူဟောင်းတွေကို နေရာပြန်ချပေးမယ့် အကြောင်းကြားသိရတယ်လို့ ဆိုပါတယ်။
မနေ့က အရုဏ်တက်ချိန်မီးဟာ ဈေးအတွင်းပိုင်း ဆိုင်ခန်းတွေကို ၀ါးမြိုသွားရာမှာ လက်ရှိဖွင့်နေတဲ့ ဆိုင်ခန်း ၄၀၀ ကျော်အပြင် ပစ္စည်း လှောင်ပိတ်ထားတဲ့ ဆိုင်ခန်း ၃၀၀ ခန့်၊ စုစုပေါင်း ဆိုင်ခန်း ၇၀၀ ခန့် ပြာကျသွားပါတယ်။
တွက်ချက်သူတွေ အဆိုအရ တဆိုင်ကို သိန်း ၂၀ အနိမ့်ဆုံး တွက်ရင် သိန်းပေါင်း ၁ သောင်းခွဲနီးပါး ဆုံးရှုံးနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။
ဈေးသည်တွေအနက် ပစ္စည်းတပိုင်တနိုင် သယ်ထုတ်နိုင်တဲ့ ဆိုင်ရှင်တွေက နည်းနည်းခံသာပြီး လက်ငုပ်လက်ရင်း ပြုတ်သွားတဲ့ ဆိုင်ရှင်တွေနဲ့ အထူးသဖြင့် ဈေးက ပျံကျအလုပ်သမားတွေ အလုပ်လက်မဲ့ ဖြစ်ပြီး အခက်အခဲ ကြုံနေကြပါတယ်။
အဲဒီ့ သံတွဲဈေးဟာ အင်္ဂလိပ်ကိုလိုနီ လက်ထက်က တည်ဆောက်ခဲ့တဲ့ ထောင်ကို ဈေးအဖြစ် ပုံစံပြောင်းထားတာလို့ ဆိုပါတယ်။ သက်တမ်းအားဖြင့် နှစ်ပေါင်း ၁၀၀ ကျော် ရှိပြီး ဈေးသက်တမ်းက ၈၀ ခန့် ရှိတယ်လို့ ဆိုပါတယ်။
ဒီကနေ့အထိ ဈေးအတွင်းပိုင်းက စလောင်ကျွမ်းတဲ့ မီးဟာ ဘယ်ကနေ စတင်လောင် ကျွမ်းတယ်ဆိုတာ မသိနိုင်သေးပါဘူး။