Homeမြန်မာသတင်း
မြစ်ရေတိုက်စားမှုကြောင့် ပြောင်းရွှေ့ခဲ့ရသည့်နေအိမ်များကို စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ ထောက်ပံ့ငွေပေးအပ်
မြစ်ရေတိုက်စားမှုကြောင့် ပြောင်းရွှေ့ခဲ့ရသည့်နေအိမ်များကို စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ ထောက်ပံ့ငွေပေးအပ်
Aung Ko Latt
·
June 6, 2017
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ မိုးတားလေးကျေးရွာအတွင်း ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ကြိုတင်ဖျက်သိမ်းခဲ့ရတဲ့ လူနေအိမ် ၉ လုံးအတွက် တအိမ်ကို ၁ သိန်းကျပ်နှုန်းနဲ့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသန်း၊ ကသာမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီထွန်းနဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေ ဇွန်လ ၆ ရက်နေ့က သွားရောက်အားပေးကာ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါတယ်။
ဧရာဝတီမြစ်ရေက လွန်ခဲ့တဲ့ ၃ ရက်လောက်ကတည်းက သိသိသာသာ စတင်မြင့်တက်လာခဲ့တာဖြစ်ပြီး မြစ်ရေတိုက်စားလို့ မြစ်ကမ်းပါးပြိုကျမှုတွေ ဖြစ်ပေါ်ကာ လူနေအိမ်တွေ ဖြိုဖျက်ပြီး ဘေးလွတ်ရာကို ပြောင်းရွှေ့နေကြရတာ ဖြစ်ပါတယ်။
ကသာမြို့နယ်မှာ မိုးတားလေးကျေးရွာ အပါအဝင် ပုလွေရွှေကျေးရွာမှာလည်း လေပြင်း ကျရောက်မှုကြောင့် လူနေအိမ် ၂ လုံး ပြိုလဲခဲ့ပါသေးတယ်။
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီထွန်းက “မိုးကတော့ ပြတ်သွားပြီ။ ဒါပေမယ့် ရေကတော့ ခုထိ တိုးနေတုန်းပဲ။ ကမ်းပါးပြိုလို့ နေအိမ် ပြောင်းရွှေ့ရတာက ကသာမြို့နယ်ထဲမှာတော့ မိုးတားလေးရွာတရွာပဲ ရှိတယ်။ ဒါကြောင့် ဒီနေ့ ကျနော်တို့ လွှတ်တော်ဥက္ကဋ္ဌကြီးနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေ လာပြီး တိုင်းဒေသကြီးအစိုးရ သဘာဝဘေးဒဏ်ရန်ပုံငွေထဲကနေ တအိမ်ကို ၁ သိန်းစီ၊ အားလုံး ၉ သိန်း လာထောက်ပံ့တာပါ”လို့ ဒီဗွီဘီကို ပြောပါတယ်။
မြစ်ရေကလည်း ဆက်တိုးနေဆဲဖြစ်ပြီး မြစ်ကမ်းဘေးနားမှာရှိတဲ့ နောက်ထပ် ရွှေ့ပြောင်းရနိုင်တဲ့ အိမ် ၆ အိမ်လောက်လည်း ရှိနေတယ်လို့ ဆိုပါတယ်။
မြစ်ရေတိုက်စားတဲ့ဒဏ်ကို မိုးတားလေးကျေးရွာအပြင် မြစ်ကမ်းဘေးမှာရှိတဲ့ ဝက်တူး၊ ကျွဲခြံ၊ ပုလွေရွှေ၊ ထောင့်ကြီး၊ သံပရာကုန်း၊ ဒုံးအော၊ လိပ်ထုံး၊ ထုံးရဲ စတဲ့ကျေးရွာတွေကလည်း ခံစားရနိုင်တာကြောင့် သက်ဆိုင်ရာအဖွဲ့အစည်းတွေက သတိနဲ့နေကြဖို့၊ ဖြစ်လာရင် သက်ဆိုင်ရာကို အကြောင်းကြားကြဖို့တွေကို လိုက်လံဆော်သြတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။