တရားမဝင်ပိတောက်ခွဲသားများ တင်ဆောင်လာသည့်ကား တိမ်းမှောက်၊ လူ ၁ ဦး သေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ် မုံရွာ-ယာကြီး-ကလေးဝ ကားလမ်းဘေး၊ လည်ရှည်ကျေးရွာ အနီးလမ်း ကွေ့မှာ ဇွန်လ ၆ ရက်နေ့ မနက်ပိုင်းက တရားမဝင်ပိတောက်ခွဲသားတုံး ၈ တုံးနဲ့ ခရီးသည်အချို့ လိုက်ပါလာတဲ့ လိုက်ထရပ်ကားတစီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့လို့ ကားပေါ်လိုက်ပါလာသူ ၁ ဦးသေဆုံးခဲ့ပါတယ်။
လိုက်ထရပ်ကားအမျိုးအစား MDY 8D/1527 နံပါတ်တပ်ဆင်ထားပြီး ခရီးသည်ကားပုံစံမျိုး ပြုလုပ်ကာ ကားပေါ်မှာ ကျောက်ခဲတွေထည့်ထားတဲ့ အိတ် ၅ အိတ်ခန့််၊ ၀.၆၇၈၄ တန်ရှိ ပိတောက်ခွဲသားတုံး ၈ တုံးနဲ့ ခရီးသည်လို့ယူဆရသူ ၅ ယောက်လောက်ရှိပြီး ၁ ဦးကတော့ အခင်းဖြစ်ပွားရာနေရာမှာပဲ သေဆုံးကာ နောက် ၂ ဦးကတော့ အပြင်းအထန်ဒဏ်ရာရရှိပြီး မန္တလေးဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ ကနီမြို့မရဲစခန်းက သိရပါတယ်။
"ဘယ်လိုကြောင့် မှောက်တာလဲတော့ မပြောတတ်ဘူး။ ဒီနားက အကွေ့ကလည်း အဲလောက် မကြီးဘူး။ ကားက ယာကြီးဘက်က လာတာလို့ ယူဆရတယ်။ ခရီးသည်ကားပုံစံမျိုး လုပ်ထားတာ။ ကားဒရိုင်ဘာတော့ ထွက်ပြေးနေတယ်လို့ ကြားတယ်။ ကားကတော့ မန်းလေးကကား"လို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ဒီဗွီဘီကို ပြောပါတယ်။
ယာဉ်မောင်းသူမှာ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ကာ ယာဉ်မှောက်မှုနဲ့ပတ်သက်ပြီး ကနီမြို့မ ရဲစခန်းက (ပ)၂၀/၁၇၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄- က/ ၃၃၇/ ၃၃၈ နဲ့ အမှုဖွင့် အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။