Home
မြန်မာသတင်း
ကျောက်မဲတွင် မီးလောင်မှုကြောင့် နေအိမ် ၃ လုံးနှင့် ဆိုင်ကယ် ၇ စီး ပျက်စီး၊ ၃ ဦး ဒဏ်ရာရ
DVB
·
June 6, 2017
  ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ ရပ်ကွက် ၃ နယ်မြေ ၅ ပုလဲလမ်းရှိ ရေခဲစက်ဝင်းထဲမှာ ဒီကနေ့ မနက် ၂ နာရီ လောက်က မီးလောင်ခဲ့တဲ့အတွက် နေအိမ် ၃ လုံးနဲ့ ဆိုင်ကယ် ၇ စီး မီးလောင်ပျက်စီးကာ လူ ၃ ဦး ဒဏ်ရာရခဲ့ပါတယ်။ အဆိုပါဝင်းထဲမှာ နေအိမ်တန်းလျား ၂ လုံးရှိပြီး မသီတာအေး (အသက် ၃၈ နှစ်) အခန်းမှ စတင်လောင်ကျွမ်းခဲ့တာဖြစ်တယ်လို့  မီးလောင်ရာမှာသွားရောက်ကူညီခဲ့သူ ကျောက်မဲ ဇိဝိတ လူမှုကူညီရေး အသင်းဥက္ကဋ္ဌ  ဦးတင်မောင်သိန်းက ဒီဗွီဘီကို ခုလိုပြောပါတယ်။ “အဲဒီရေခဲစက်ဝင်းထဲမှာ  အိမ်တန်းလျားတွေရှိတာပေါ့နော်။ အဲဒီမှာ အသက် ၃၈ နှစ်ရွယ်ရှိ  မသီတာအေး ဆိုတဲ့ အမျိုးသမီးရဲ့အခန်းက စလောင်တာလို့ပြောတယ်။ မီးအားမြှင့်စက်ကနေ လောင်တယ်လို့ သိရပါတယ်။ မီးသတ်ကားတွေလည်း လာငြိမ်းပါတယ်။ ဒါပေမယ့် အဲဒီထဲမှာ အဆောက်အဦဟောင်းတွေက လောင်စာလိုဖြစ်နေတော့ အားလုံးကုန်ပြီးမှပဲ မီးကငြိမ်းတယ်။ မနက် ၃ နာရီခွဲလောက်မှာ မီးညွန့်ကျိုးပြီး ၅ နာရီလောက်မှာမှ အားလုံးငြိမ်းသွားတယ်။  အဲဒီမှာ အခန်း ၁၁ ခန်းပါ လူနေအိမ်တန်းလျားက ၂ လုံး၊ သွပ်ကာသွပ်မိုး လူနေအိမ်က တလုံး၊  နောက်တခါ သုံးဘီး ဆိုင်ကယ်ရယ် မော်တော်ဆိုင်ကယ်ရယ် ပေါင်း ၇ စီးလောက် မီးထဲပါ သွားတယ်၊  ဒဏ်ရာရသူက ၃ ယောက်ရှိတယ်။  ကျနော်တို့ လူမှုကူညီရေးကားနဲ့ဘဲ ဆေးရုံပို့ပေး ခဲ့တယ်။” ဒဏ်ရာရသူတွေမှာ အသက် ၂၁ နှစ်ရွယ် မိန်းကလေးတယောက် မီးလောင်တဲ့ ဆိုင်ကယ်က ပေါက်ကွဲစတွေ  ၀ဲဘက်ခြေသလုံးမှာလွင့်စင်ထိမှန်ပြီး  အသက် ၄၆ နှစ်ရွယ် အမျိုးသားတစ်ဦးမှာ မီးငြိမ်းကူရင်းနဲ့ ကျောကုန်းကို မီးဟပ်သွားကြောင်း၊ မီးသတ်ရဲဘော်လေးတဦးမှာတော့ မီးခိုးမွှန်ပြီး မေ့လဲသွားတာလို့ ဆိုပါတယ်။ ဒါပေမယ့် ဒဏ်ရာရသူတွေ အခြေအနေစိုးရိမ်စရာမရှိဘဲ ၂ ဦးက ဆေးရုံမှ ဆင်းလာပြီး မိန်းကလေးတယောက်ထဲဘဲ ကျန်တယ်လို့ သူက ဆက်ပြောပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး မီးသတ်သမားတဦးကတော့ ခုလိုပြောပါတယ်။ “လောင်တယ်လို့ သတင်းရတာက ၂ နာရီမှာ ရတယ်။ ဘယ်ကနေ ဘယ်လို စေ လာင်တယ်ဆိုတာ စုံစမ်းနေတုန်းပါ။ ထိခိုက်တာက အရပ်သား ၁ ယောက်နဲ့ မီးသတ်သမား ၁ ယောက် ပါတယ်။ ဒဏ်ရာမပြင်းထန်ပါဘူး။ လောင်သွားတာက တန့်ရမ်း ၂ ခု ပါသွားတယ်” လို့ ပြောပါတယ်။ ကျောက်မဲခရိုင် ရဲစခန်းကတော့ ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို မတွက်ချက်ရသေးကြောင်း  ကြီးကြီးမားမားဆုံးရှုံးမှုလည်း မရှိကြောင်း၊ အသေးစိပ်အချက်အလက်တွေကို တာဝန်မှူးလာမှ ဖြေကြားပေးလို့ရမယ်လို့ ပြောသွားပါတယ်။ မီးလောင်ပြီး အိုးမဲ့အိမ်မဲ့ နေစရာမဲ့သူတွေ နေထိုင်ဖို့ မြန်မာ့တပ်မတော်သားတွေက အဲဒီဝင်း ထဲမှာ ယာယီတဲထိုးပေးနေတယ်လို့  ဦးတင်မောင်သိန်းက ပြောသွားပါတယ်။   ဓာတ်ပုံ - ဦးတင်မောင်သိန်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024