စက်သုံးဆီ အရည်အသွေး စမ်းသပ်ရန် ဓာတ်ခွဲခန်း တည်ဆောက်မည်
နေဖြိုးဝင်း
·
June 6, 2017
စက်သုံးဆီအရည်အသွေး စမ်းသပ်ဖို့အတွက် အခု ၂၀၁၇ ခုနှစ်တွင်း ဓာတ်ခွဲခန်းတခု တည်ဆောက်မယ်လို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒု-ဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြောပါတယ်။
ဇွန် ၅ ရက် အမျိုးသားလွှတ်တော်အစည်းအဝေးမှာ မွန်ပြည်နယ် မဲဆန္ဒနယ်က ဦးအေးမင်းဟန်ရဲ့ မြန်မာတနိုင်ငံလုံးရှိ ပုဂ္ဂိလက စက်သုံးဆီဆိုင်အများစုမှာ ရောင်းချနေတဲ့ စက်သုံးဆီတွေဟာ အရည်အသွေးပြည့်မီမှု မရှိကြောင်း ပြည်သူလူထုထံက ကြားသိရတဲ့အတွက် စက်သုံးဆီအရောင်းဆိုင်တွေကို စစ်ဆေးအရေးယူပေးဖို့ အစီအစဉ် ရှိ၊ မရှိ မေးခွန်းနဲ့ပတ်သက်ပြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒု-ဝန်ကြီး ဒေါက်တာထွန်းနိုင်က အခုလို ပြန်လည်ဖြေဆိုတာပါ။
“စက်သုံးဆီအရည်အသွေး စမ်းသပ်စစ်ဆေးတာတွေကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ဖို့ ၂၀၁၇ ခုနှစ်အတွင်း ပုဂ္ဂလိကနဲ့ အကျိုးတူပူးပေါင်းပြီး နိုင်ငံတကာအဆင့်မီ ဓာတ်ခွဲခန်းတခုကို အမြန်ဆုံး တည်ထောင်နိုင်ဖို့ စီမံဆောင်ရွက်လျက်ရှိပါတယ်။”
ပုဂ္ဂလိကလုပ်ငန်းရှင် ကုမ္ပဏီ အဖွဲ့အစည်းတွေရဲ့ ပြည်ပက တင်သွင်းလာတဲ့ စက်သုံးဆီတင်သင်္ဘောတွေ ရောက်ရင် စက်သုံးဆီနမူနာယူပြီး အမှတ် ၁ ရေနံချက်စက်ရုံ(သန်လျင်) ဓာတ်ခွဲခန်းကို ပေးပို့စမ်းသပ်စစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်းနဲ့ ကိုက်ညီမှ ရောင်းချခွင့်ပြုတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စက်သုံးဆီတွေရဲ့ အခြင်အတွယ်၊ အရည်အသွေးမှန်ကန်မှု ရှိ၊ မရှိကို Mobile Fuel Lab ယာဉ်တွေနဲ့ ပုံမှန်စစ်ဆေးတာ၊ ရှောင်တခင် ဝင်ရောက်စစ်ဆေးတာ၊ တိုင်စာ၊ ပစ်စာတွေအရ စစ်ဆေးတာတွေ လုပ်ပြီး စံချိန်စံညွှန်းနဲ့ ကိုက်ညီမှုမရှိတဲ့ စက်သုံးဆီအရောင်းဆိုင်တွေကို အရေးယူခဲ့တယ်လို့ သိရပါတယ်။
၂၀၁၂-၁၃ ဘဏ္ဍာနှစ်အတွင်း ၁၇ ဆိုင်၊ ၂၀၁၃-၁၄ မှာ ၃၂ ဆိုင်၊ ၂၀၁၄-၁၅ မှာ ၁၀ ဆိုင်၊ ၂၀၁၅-၁၆ မှာ ၇ ဆိုင်၊ စုစုပေါင်း အရောင်းဆိုင် ၆၆ ဆိုင်ကို စာနဲ့ သတိပေးတာ၊ ဖြန့်ဖြူးရောင်းချခွင့်လိုင်စင် ယာယီပိတ်သိမ်းတာတွေ အရေးယူဆောင်ရွက်ခဲ့ပါတယ်လို့ ဒု-ဝန်ကြီးက ပြောပါတယ်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနကနေ စက်သုံးဆီဖြန့်ဖြူးရောင်းချခွင့်လိုင်စင် ရယူပြီး ရောင်းချတဲ့ စက်သုံးဆီ အရောင်းဆိုင်ပေါင်း ၂၀၉၄ ဆိုင် ရှိတယ်လို့ သိရပါတယ်။