ရန်ကုန်တိုင်းဒေသကြီးအစိုးရက သံဃာတပ်ပေါင်းစုခေါင်းဆောင်အရှင်ဂမ္ဘီရကို သူ ယာယီသီတင်းသုံးနေတဲ့ သင်္ဃန်းကျွန်းမြို့နယ် လယ်တီ ဝိပဿနာ ကျောင်းတိုက်ကနေ ဒီမနက် ၁ နာရီခွဲမှာ လာရောက်ခေါ်ဆောင်သွားပါတယ်။
[caption id="attachment_21067" align="alignleft" width="300" caption="အရှင်ဂမ္ဘီရ"]

[/caption]
အရှင်ဂမ္ဘီရနဲ့အတူ သီတင်းသုံးနေတဲ့ မဂ္ဂင်ကျောင်းတိုက်ဆရာတော် ဦးဣိန္ဒက က “ဦးဂမ္ဘီရကို သုံးကြိမ်တိတိခေါ်တာ ရောက်မလာတဲ့အတွက်ကြောင့် ဆရာတော်တွေဘက်က ဆုံးမဩဝါဒပေးဖို့ အခန်းကဏ္ဍပြီးဆုံးသွားပြီဆိုတဲ့ ပုံစံမျိုးနဲ့ အာဏာပိုင်တွေက ဦးဂမ္ဘီရကို လာရောက်ခေါ်တာပဲလေ။ လာခေါ်တော့ ကျုပ်က တံခါးဖွင့်ပေးပြီး ဘာကိစ္စလဲလို့ မေးတော့ တပည့်တော်တို့ ဦးဂမ္ဘီရနဲ့ တွေ့ချင်လို့ပါတဲ့။ ဘာကိစ္စလဲ ဦးဂမ္ဘီရကို ဖမ်းမလို့လားလို့ မေးတော့ ဖမ်းမှာတော့ မဟုတ်ပါဘူးဘုရားတဲ့။ သူ့ကို ယာယီခေါ်ပြီးတော့ ဆွေးနွေးတိုင်ပင်ချင်လို့ပါတဲ့။ အဲဒီလိုမျိုး လျှောက်သွားတယ်။ လာတဲ့အဖွဲ့တွေက ပြောပု၊ံဆိုပုံ၊ ဆက်ဆံပုံက တကယ့်ညင်ညင်သာသာပါပဲ။ ဦးဂမ္ဘီရလည်း ညင်ညင်သာသာပဲ လိုက်သွားပါတယ်။ ရန်ကုန်တိုင်း အစိုးရဌာနကလို့ ပြောသွားတယ်။” လို့ မိန့်ပါတယ်။
မနေ့ မွန်းတည့်ပိုင်း ဩဝါဒပေးဖို့ ဆင့်ခေါ်ချက်ကို အရှင်ဂမ္ဘီရက သွားဖို့ ပြင်ဆင်ထားပေမယ့် သာသနာရေးရာဝန်ထမ်းနဲ့ အရှင်ဂမ္ဘီရအကြား စကားကောက်ယူတာ လွဲမှားမှုကြောင့် မသွားဖြစ်ခဲ့ဘူးလို့ ဆရာတော်က မိန့်ပါတယ်။
“၉ ရက်နေ့က သံဃမဟာနာယက က ဆုံးမဩဝါဒခံယူဖို့ သူ့ကို ဆင့်စာ ခေါ်ထားတယ်။ သာသနာရေးဌာနနဲ့ ဦးဂမ္ဘီရကြားမှာ နည်းနည်းလေး အတိမ်းအစောင်း ဖြစ်သွားတယ်။ သာသနာရေးဌာနက ဒကာကြီး လျှောက်သွားတာက အဲဒီနေ့မှာ မြို့နယ်က သံဃမဟာနာယက ဆရာတော်တပါးရယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရယ်၊ ဦးဂမ္ဘီရရယ်ကို သူတို့ ကားနဲ့ လာခေါ်လိမ့်မယ်ဆိုပြီး ပြောသွားတော့ ဦးဂမ္ဘီရက အဲဒါကို စောင့်နေတော့ သူတို့ချိန်းတဲ့အချိန် ရောက်မသွားဘူး။ ဦးဂမ္ဘီရကလည်း သွားဖို့ အဆင်သင့်ပြင်ထားပြီးသွားပြီ။ အဲဒီမှာ နည်းနည်းလေး လွဲသွားတယ်။”
ရွှေဝါရောင်တော်လှန်ရေးမှာ ဦးဆောင်တာကြောင့် ထောင် နှစ်ခြောက်ဆယ်ကျော် ကျရာကနေ ပြန်လွတ်လာတဲ့ အရှင်ဂမ္ဘီရဟာ ကျောင်းတိုက် ချိပ်ပိတ်ခံရတဲ့ မဂ္ဂင်ဆရာတော်ရဲ့ သင်္ဃန်းကျွန်း ကျောင်းတိုက် ကျောင်းဖွင့်သီတင်းသုံးတဲ့အပေါ် သက်ဆိုင်ရာကနေ ခွင့်ပြုချက်မယူဘဲ နေထိုင်တဲ့အတွက် ပြစ်မှုဖြစ်တယ်ဆိုပြီး ဆုံးမပေးဖို့ နိုင်ငံတော်သံဃာမဟာနာယကကို တင်လျှောက်ပါတယ်။ နိုင်ငံတော် သံဃမဟာနာယကဆရာတော်တွေက ဩဝါဒပေးဖို့ ဆင့်ခေါ်ရာမှာ သုံးကြိမ်ပျက်ကွက်လို့ဆိုပြီး အာဏာစက်နဲ့ လာရောက်ခေါ်ဆောင်သွားတာပါ။
အခုအချိန်ထိ အရှင်ဂမ္ဘီရကို ဘယ်ခေါ်သွားပြီး ဘယ်ရောက်နေတယ်ဆိုတာ မသိရသေးပါဘူး။