A d v e r t i s e m e n t With Us

၉ နာရီကျော် ဆက်တိုက်ပျံသန်းနိုင်မည့် အရပ်သုံးကုန်တင်ဒရုန်းယာဉ် ထုတ်လုပ် (ရုပ်သံ)

ချက်ကုမ္ပဏီတခုက ၉ နာရီကျော် ဆက်တိုက်ပျံသန်းနိုင်တဲ့ မောင်းသူမဲ့ အရပ်သုံး ကုန်တင်ဒရုန်းတစီးကို ထုတ်လုပ်လိုက်ပါတယ်။ Primoco UAV ကုမ္ပဏီက Model One လို့ အမည်ပေးထားတဲ့ ဒရုန်းယာဉ်ကို ပါရာဂွေးမြောက်ပိုင်းက ဗော့ဒိုချောဒီလေဆိပ်မှာ ၁ နာရီနဲ့ ၆ မိနစ်ကြာမြင့်တဲ့ ပျံသန်းမှုတခုကို မေလအစောပိုင်းက ပြုလုပ်ခဲ့ပါတယ်။ အများပြည်သူ ဝယ်ယူအသုံးပြုနိုင်တဲ့ အရပ်သုံး ဒရုန်းယာဉ်တွေထဲမှာ အကြာဆုံး ပျံသန်းနိုင်တဲ့ စံချိန်သစ်တခု တင်နိုင်ခဲ့တယ်လို့ ကုမ္ပဏီက ဆိုပါတယ်။ “လူက ထိန်းချုပ်ဖို့မလိုတဲ့ Primoco One 100 မော်ဒယ်က ၉ နာရီကြာ ပျံသန်းနိုင်တဲ့ စံချိန်တင်နိုင်ခဲ့ပါတယ်။ အဓိကအချက်က ဒရုန်းအသေးလေးတွေမှာသုံးတဲ့ လျှပ်စစ်အင်ဂျင်အစား သာမန် လောင်စာဆီသုံး အင်ဂျင်ကိုပဲ တပ်ဆင်သုံးစွဲခဲ့တာပါ” လို့ ပရိုင်မိုကိုရဲ့ စီအီးအိုဖြစ်တဲ့ လာဒစ်လာ့ဗ် ဆီးမက် ကိုဗော့စကီးက ဆိုပါတယ်။ လေယဉ်တစီးမှာလို အခြေခံကျတဲ့ ဆီနဲ့ ဂက်စ်ပိုက်လိုင်းတွေကို စစ်ဆေးတာ၊ ကမ်းရိုးတန်းနဲ့ နယ်နိမိတ်စည်းမှ အကွာအဝေးတွေကို ချိန်ဆတာ၊ မီးရှိန်ရိုက်နိုင်မှုကို သတိပြု အကဲခတ်တာတွေ ပြုလုပ်နိုင်တဲ့အပြင် ဒီဒရုန်းက ကြိုတင်ပြီး ပရိုဂရမ်သွင်းထားတဲ့ ပျံသန်းမှုအစီအစဉ်အတိုင်း အလိုအလျောက် ပျံသန်းနိုင်ပါတယ်။ ဒါ့အပြင် အပူချိန် အနုတ် ၃၀ မှ အပေါင်း ၄၀ ဒီဂရီ ဆဲလ်စီးယပ်စ်မှာ ကောင်းစွာ အလုပ်လုပ်နိုင်ပြီး မိုးသည်းထန်ခြင်းနဲ့ စိုထိုင်းဆများခြင်းတို့ကို ပီပီပြင်ပြင် ကာကွယ်နိုင်တဲ့အပြင် တနာရီ မိုင် ၄၀ နဲ့အထက် လေတိုက်နှုန်းကိုလည်း ခံနိုင်ရည်ရှိပါတယ်လို့ ကုမ္ပဏီက ဆိုပါတယ်။ “ကျနော်တို့ရဲ့ မောင်းသူမဲ့လေယာဉ်က စတင်ပျံတက်ခြင်းနဲ့ ဆင်းသက်ခြင်းတို့ကိုလည်း လုံးဝ အလိုအလျောက် ပြုလုပ်နိုင်ပါတယ်။ ဒါကြောင့်လည်း ၁၀ နာရီကြာ ပျံသန်းနိုင်တာ ဖြစ်ပါတယ်။ အဲဒီမှာရှိတဲ့ ပိုင်းလော့က မမျှော်လင့်တဲ့ အခြေအနေတွေ ဖြစ်လာတဲ့အခါနဲ့ စနစ်တခုလုံးကို စစ်ဆေးဖို့အတွက်ပဲ ဖြစ်ပါတယ်” လို့ ဆီးမက် ကိုဗော့စကီးက ဆိုပါတယ်။ လေယာဉ်အစိတ်အပိုင်း အားလုံးရဲ့ ၈၀ ရာခိုင်နှုန်းကို ချက်ပြည်တွင်းလုပ်ပစ္စည်းတွေနဲ့ Primoco UAV ကုမ္ပဏီကပဲ ကိုယ်တိုင်ပြုလုပ်ပါတယ်။ လက်ရှိ လေယာဉ် ၂၅ စီး ထုတ်လုပ်ထားပြီး တဖြည်းဖြည်းချင်း တနှစ်ကို လေယဉ်အစီး ၁၀၀ အထိ တိုးမြှင့်ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။ လေယာဉ်တွေကို ရုရှားအပါအဝင် အရှေ့အလယ်ပိုင်းဒေသ၊ အာဖရိက၊ တောင်အမေရိက၊ တရုတ်နဲ့ သြစတြေးလျတို့ကို တင်ပို့ရောင်းချမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up