စားသောက်ဆိုင်များတွင် အခွန်အပြင် ဝန်ဆောင်ခကောက်ခံမှု ဆွေးနွေးမှုများ ပြုလုပ်နေ
အာကာ
·
June 5, 2017
စားသုံးသူတွေ တိုင်ကြားမှုများနေတဲ့ စားသောက်ဆိုင်တွေမှာ အခွန်အပြင် ဝန်ဆောင်ခ သီးသန့်ကောက်ခံတဲ့အပေါ် ဆွေးနွေးမှုတွေ လုပ်နေတယ်လို့ စားသုံးသူရေးရာဦးစီးဌာနက ပြောပါတယ်။
စားသုံးသူတွေရဲ့ အငြင်းပွားမှုတွေအရ ဒီလို သီးခြားဝန်ဆောင်ခ ရယူတာကို ညှိနှိုင်းဆွေးနွေးနေတာပါ။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဆွေတင့်ကြူးက “Commercial Tax ၅ ရာခိုင်နှုန်းကတော့ နိုင်ငံတော်က သတ်မှတ်ထားတာမို့လို့ ပေးရမှာ ဖြစ်ပါတယ်။ အများဆုံး Complain တက်ကြတာ ဝန်ဆောင်ခ ထပ်ကောက်တာကိုပါ။ ဒီလို ဝန်ဆောင်ခတွေကို ဈေးနှုန်းထဲ ပေါင်းထည့်မလား၊ လက်ရှိအတိုင်းပဲ လုပ်ငန်းရှင်ရဲ့ သဘောဆန္ဒအတိုင်းထားဖို့ သင့်မလား ဒါကို ဆွေးနွေးနေပါတယ်”လို့ ပြောပါတယ်။
ဒါ့အပြင် “လုပ်ငန်းရှင်တွေကိုလည်း မေတ္တာရပ်ခံချင်ပါတယ်။ ဆိုင်ရဲ့ Menu Price List ကို Update လုပ်ပြီး ထားပေးစေချင်ပါတယ်။ ဥပဒေပါ မဟုတ်တဲ့ ကောက်ခံတဲ့ နှုန်းထားတာတွေကိုလည်း စားသုံးသူတွေ ထင်သာမြင်သာ ဖြစ်အောင်ထားပြီး ရှင်းရှင်းလင်းလင်း သိအောင် လုပ်ပေးစေချင်ပါတယ်”လို့ အကြံပြုပါတယ်။