ချိပ်ပိတ်ထားသည့် မဂ္ဂင်ကျောင်းတိုက်ကို ပြန်ဖွင့်ပေးမည်
အေးနိုင်
·
February 10, 2012
ချိပ်ပိတ်ထားတဲ့ ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်က မဂ္ဂင်ကျောင်းတိုက်ကို ဒီကနေ့ မွန်းလွဲတနာရီမှာ ပြန်လည်ဖွင့်လှစ်ပေးမယ်လို့ မဂ္ဂင်ကျောင်းတိုက်ဆရာတော် ဦးဣိန္ဒကကို မြို့နယ်သံဃမဟာနာယက က လျှောက်ထားပါတယ်။
မဂ္ဂင်ကျောင်းဆရာတော် ဦးဣိန္ဒက “ဒီနေ့ဖွင့်ဖို့ သူတို့အကြောင်းကြားတယ်။ ရန်ကုန်တိုင်း သာသနာရေးမှူး ဦးဇော်ဇော်ဦးကနေပြီးတော့ သင်္ဃန်းကျွန်းမြို့နယ်ဥက္ကဋ္ဌဆီကို ဖုန်းလှမ်းဆက်တာလေ။ အဲဒီတော့ နေ့ခင်း ၁၂ နာရီခွဲလောက်ကို ရောက်လာလိမ့်မယ်ထင်တာပဲ။ ရောက်လို့ရှိရင် ကျုပ်တို့ကို ဒီကျောင်းကနေ လာခေါ်မယ်လို့ သူတို့ ပြောထားတယ်။” လို့ မိန့်ပါတယ်။
အစိုးရက မဂ္ဂင်ကျောင်းကို ရွှေဝါရောင်တော်လှန်ရေးအပြီးမှာ ကျောင်းထိုင်ဆရာတော်ကိုပါ ဖမ်းပြီး ကျောင်းကိုချိပ်ပိတ်ခဲ့ပါတယ်။ ဒီနှစ် ဇန်နဝါရီလဆန်းမှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်တဲ့အခါ ပြန်သီတင်းသုံးနေကြတာပါ။
ဒီနောက် ခွင့်ပြုချက်မရှိဘဲ ပြန်နေတာဟာ ပြစ်မှုမြောက်တယ်လို့ သံဃမဟာနာယက က ဆုံးဖြတ်ပြီး ပြီးခဲ့တဲ့ စနေနေ့မှာ ပြန်ချိပ်ပိတ်ခဲ့တာကြောင့် အနီးနားက သင်္ဃန်းကျွန်းမြို့နယ် ဥက္ကဋ္ဌ ဆရာတော် သီတင်းသုံးနေတဲ့ လယ်တီ ဝိပဿနာကျောင်းတိုက်မှာ ပြောင်းရွှေ့ သီတင်းသုံးနေတာပါ။