မိတ္ထီလာတွင် ဆိုင်ကယ်အချင်းချင်း တိုက်မိ၊ ကလေး ၁ ဦးသေဆုံး
DVB
·
June 5, 2017
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ မလှိုင်-မိတ္ထီလာကားလမ်း မိုင်တိုင် ၄/၃ နဲ့ ၄ ကြားမှာ ဇွန် ၄ ရက် မနက် ၁၁ နာရီက မိတ္ထီလာကနေ မလှိုင်ဘက်ကို မောင်းလာတဲ့ ရှေ့က ဆိုင်ကယ် ဘယ်ဘက်လက်ကိုင်ကို နောက်ကနေ ဝင်တိုက်မိပြီး ၈ လအရွယ် မိန်းကလေး မဆုမြတ်မိုး သေဆုံးသွားတယ်လို့ မိတ္ထီလာအမှတ်-၂ ရဲစခန်းက ပြောပါတယ်။
အမှတ် (၃၁၉) အမြောက်တပ်မှ အငြိမ်းစား ဦးကျော်ဝင်း မောင်းပြီး နောက်ခုံမှာ မမိမုန်းနဲ့ ပွေ့ချီလာတဲ့ ၈ လအရွယ် မိန်းကလေး မဆုမြတ်မိုးတို့ ဆိုင်ကယ်ကို နောက်ကနေ ကျော်တက်လာတဲ့ ဆိုင်ကယ်က ဘယ်ဘက်လက်ကိုင်ကို ဝင်တိုက်လိုက်လို့ ဦးကျော်ဝင်း ဆိုင်ကယ် လဲကျပြီး နှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။ ကလေးကတော့ အခင်းဖြစ်နေရာတင် သေဆုံးသွားခဲ့ပြီး ဝင်တိုက်တဲ့ ဆိုင်ကယ်က ထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။
ဒုရဲအုပ်လှမျိုးသူက “၈ လအရွယ်ကလေးကတော့ ဦးခေါင်း ဘယ်ဘက်ချိုစောင်းပေါက်လို့ ဦးနှောက်ထွက်ပြီး နေရာတင် သေဆုံးတယ်။ ဦးကျော်ဝင်း ညာဘက်လက်မောင်း ဖူးရောင်သွားတယ်။ မမိမုန်း ညာဘက်ပါး ပေါက်တယ်။ ဘယ်ဘက်လက် ရောင်နေတယ်။ ကလေး နေမကောင်းလို့ ဆေးခန်းပြပြီးအပြန်မှာ ဖြစ်တာ။ နောက်ကတိုက်ပြီး ထွက်ပြေးတဲ့ ဆိုင်ကယ်ရဲ့နံပါတ် ရထားတယ်။ အမျိုးသား မောင်းပြီး နောက်ခုံက အမျိုးသမီးတယောက် ပါတယ်ဆိုတာ သိရတယ်” လို့ ပြောပါတယ်။
မိတ္ထီလာအမှတ် ၂ ရဲစခန်းက ထွက်ပြေးသွားတဲ့ ဆိုင်ကယ် မောင်းသူကို ယာဉ်(ပ)၂၉/၂၀၁၇ နဲ့ ယာဉ်မဆင်မခြင်မောင်းလို့ သာမန်ဒဏ်ရာရစေမှု ရာဇသတ်ကြီးပုဒ်မ ၃၃၇၊ ပြင်းထန်ဒဏ်ရာရစေမှု ရာဇသတ်ကြီးပုဒ်မ ၃၃၈၊ လူသေစေမှု ရာဇသတ်ကြီးပုဒ်မ ၃၀၄-က၊ ထွက်ပြေးမှုရာဇသတ်ကြီးပုဒ်မ၂၀၂ တို့နဲ့ အမှုဖွင့်ထားပါတယ်။
သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)